Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် ထွက်ပြေးသည့် အရပ်ဝတ် ၂ ဦးကို တပ်မတော် ပစ်ခတ်ဖမ်းဆီး
နော်နိုရင်း
·
April 11, 2018
  ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောဒေသမှာ လမ်းဖောက်လုပ် တဲ့ကားလမ်းပေါ်မှာ ၀င်ရောက်လာတဲ့ အရပ်ဝတ် ၂ဦးကို ပစ်ခတ်ဖမ်းဆီးရာမှာ တဦးသေဆုံး သွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ “မသင်္ကာဖွယ် အရပ်ဝတ်နှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခေါ်ယူသော်လည်း ထွက်ပြေး သဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးအား ဗုံးသီးများ၊ ပစ္စည်းအချို့နှင့်အတူ အသေဖမ်းဆီးရရှိခဲ့ကာ သိမ်းဆည်းရရှိခဲ့သော ကင်မရာ၊ သက်သေခံ ကတ်ပြားများနှင့် တိုက်ဆိုင် စစ်ဆေးချက်များအရ ဦးစောကလိုပါး ဖြစ်ကြောင်း သိရှိရသည်”လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ဧပြီ ၁၀ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ မူတြော်(ဖာပွန်)ခရိုင်ဒေသအရေးပေါ် ကူညီထောက်ပံရေးအဖွဲ့ (MEAT) ကတော့ ပြီးခဲ့တဲ့ ဧပြီ ၅ရက်က အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဌာနေဒေသခံ ကရင်တိုင်းရင်းသားခေါင်းဆောင် လယ်မူပလော ရွာသား စောအိုမူး သေဆုံးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စောအိုမူးဟာ စစ်ရှောင်ဒုက္ခသည်တွေအတွက် လူမှုကယ်ဆယ်ရေးလုပ်နေတဲ့ သာမန် အရပ်သား ဖြစ်တယ်လို့လည်းဆိုပါတယ်။ တပ်မတော်က သတင်းထုတ်ပြန်ခဲ့တဲ့ သေဆုံးသူရဲ့ နာမည်ကတော့ မှတ်ပုံတင်နာမည် ဦးစောကလိုပါးဖြစ်ပြီး ဒေသခံအများစုကတော့ သူ့ကို စောအိုမူးလို့ လူသိများပါတယ်။ ကေအန်ယူနဲ့အစိုးရအကြား အန်စီအေ အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်အရ ဒီလိုပစ်ခတ်မှုမလုပ်သင့်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုမန်းမန်းကပြောပါတယ်။ “အဲဒီလမ်းတွေကလည်း သာမန် ရွာသားပဲဖြစ်ဖြစ် လုံခြုံရေးမပါဘဲနဲ့ ဘယ်လိုမှ သွားလို့ မရဘူး။ လက်ရှိကာလ အခြေအနေမှာ ပေါ့နော်။ အဲဒီလို စောအိုမူး အပစ်ခံရပြီးနောက်ပိုင်းမှာပဲ တိုက်ပွဲဆက်ဖြစ်နေတာဆိုတော့ ကေအန်ယူ လုံခြုံရေးတပ်နဲ့ ဖြစ်တဲ့သဘောပဲ ပြောရမှာပေါ့နော်။ ဒီလိုနေရာမျိုးမှာ အလံဖြူထောင်လည်းပဲ ရမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီကာလမှာက အရပ်သား ပဲဖြစ်ဖြစ် ကေအန်ယူတပ်မှာပဲဖြစ်ဖြစ် အပစ်ခတ်ရပ်စဲရေးရဲ့အခြေခံမူအရ၊ လက်မှတ်ထိုး ထားတဲ့ မူအရဆိုရင် ဒါက ဘယ်လိုပဲဖြစ်ဖြစ် မလုပ်သင့်ဘူး။ မဖြစ်သင့်ဘူးလို့ပဲ ပြောရမှာပေါ့။ အဲဒီအပေါ် မှာပဲ ရမည်ရှာ ပြီးတော့ ဒါကတော့ လက်နက်ပါလို့၊ ကေအန်ယူတပ်က နောက်ကပါလာလို့ ပြောမယ်ဆိုရင်လည်းပဲ ဒါ အန်စီအေကို ထပ်မံချိုးဖောက်တယ်လို့ပဲ ပြောဆိုရမှာဖြစ်တယ်။” ဒါ့အပြင် ဒီဒေသမှာ လမ်းဖောက်လုပ်ရေးလုပ်ဆောင်နေတာဟာ  ဒေသခံတွေရဲ့ အကျိုး မဟုတ်ဘဲ စစ်ရေးအရ အသုံးပြုတာဖြစ်လို့ ခွင့်မပြုခဲ့ဘူးလို့လည်း ပဒိုမန်းမန်းက ပြောပါတယ်။ “ဒီလမ်းဖောက်တဲ့ကိစ္စကလည်း ကနဦးကတည်းက ၂၀၀၈ လောက်တကည်းက စစ်ဆင်ရေးလမ်းအနေနဲ့ သူတို့ဆောင်ရွက်တာဖြစ်တယ်။ ကနေ့လည်းပဲ အဲဒီအပေါ်မှာ ကျနော်တို့  မှတ်ယူရမျာဖြစ်တယ်။အပစ်ခတ်ရပ်စဲရေးကိုဒီ့ထက်ခိုင်မာအောင် ဆောင်ရွက်ဖို့၊ နိုင်ငံရေးကိစ္စကို ဆွေးနွေးဖို့မပြီးသေးဘဲနဲ့ စစ်ရေးအရ ပြင်ဆင်ဆောင်ရွက်နိုင်တဲ့ အလားအလာမျိုးကို မပြုသင့်ဘူး ဆိုတာ အန်စီအေ စာချုပ်မှာလည်း ပါထားပြီးသားဖြစ်တယ်။ အဲလိုမျိုး ကျော်လွန်လာ ရင်တော့ ထိတွေ့မှုတော့ ရှိမှာပဲလေ။ ကားလမ်းဖောက်တာက စစ်ရေးအရး အသုံးပြုတာပဲ။ လူထုတွေ အတွက်က  အဲဒီအပေါ်မှာ သိမြင်ပြီးသား။ ကျနော်တို့လည်း အဲလိုပဲမြင်ပါတယ်။” တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖာပွန်မြို့နယ်အတွင်း ၁၅ မိုင်အရှည်ရှိ ခေးပူရွာနဲ့ လွယ်မူပလောရွာ ဆက်သွယ်ထားတဲ့ လမ်းဟောင်းကို ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေ အသုံးပြုနိုင်ရန်အတွက်နဲ့  တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်တွေ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေဖို့အတွက် ပြန်လည်ပြုပြင် မွမ်းမံဖို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က နယ်မြေခံ KNLA ကို ကြိုတင်အကြောင်းကြားကာ ၁၁ကြိမ်ညှိနှိုင်းခဲ့ပြီးမှ   လမ်းဖောက်လုပ်ခဲ့တာလို့ ဆိုပါတယ်။ ၂၀၁၈  မတ်လ ၄ ရက် လမ်းစတင်ဖောက်လုပ်ချိန်မှ ယနေ့ထိ စစ်သည်တွေ မိုင်းနင်းမှု ၃ ကြိမ်၊ နှောင့်ယှက်ပစ်ခတ်မှု ၂၆ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု ၈ ကြိမ် (မိုင်း ၂၁ လုံး) ရရှိခဲ့ပြီး တပ်မတော် စစ်သည်တချို့ ထိခိုက်ကျဆုံး ဒဏ်ရာရခဲ့တယ်လို့လည်း  တပ်မတော်က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ကစပြီး  အစိုးရစစ်တပ်တိုးချဲ့ဝင်ရောက်လာမှုကြောင့် လယ်မူပလောနဲ့ ခေးဘူးကျေးရွာအုပ်စုက ရွာပေါင်း ၁၆ ရွာ လူဦးရေ ၂၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရပြီး အခုချိန်ထိလည်း အိမ်မပြန်ရဲလို့ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲကြုံ တွေ့နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024