Home
မြန်မာသတင်း
အင်းဒင်ရွာကိစ္စ တပ်မတော်အရာရှိနှင့် စစ်သည် ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်
DVB
·
April 11, 2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ရွာမှာ ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ တပ်မတော်အရာရှိ၊ စစ်သည် ၇ ဦးတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပါတယ်။ တပ်မတော်အက်ဥပဒေပုဒ်မ (၇၁) နယ်ဘက်ပြစ်မှုဖြစ်တဲ့ လူသတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့ကြောင်း တွေ့ရှိရလို့ ပြစ်မှုကျူးလွန်တဲ့ အရာရှိ ၄ ဦးကို ရှုတ်ချပြီး အမြဲတမ်း ထုတ်ပစ်စေဖို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် နယ်ဘက်အကျဉ်းထောင်မှာ ကျခံစေဖို့နဲ့ အခြားအဆင့်စစ်သည် ၃ ဦးကိုလည်း တပ်သားအဆင့်လျော့ချပြီး အမြဲတမ်း ထုတ်ပစ်ဖို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် နယ်ဘက်အကျဉ်းထောင်မှာ ကျခံစေဖို့  ပြစ်ဒဏ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ဥပဒေမဲ့ ပြစ်မှုကျူးလွန်ခဲ့ကြသူတွေထဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကိုလည်း သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းတွေနဲ့အညီ အရေးယူဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ သုသာန်မှာ အမည်မသိအလောင်း ၁၀ လောင်း တွေ့ရှိခဲ့ပြီးနောက် ဒီအမှု စတင်ပေါ်ပေါက်ခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၂ ရက်အထိ တပ်မတော်အရာရှိ၊ စစ်သည် ၂၁ ဦး၊  ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးနဲ့ အင်းဒင်ရွာသား ၆ ဦးတို့ကို အသေးစိတ် စိစစ် စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဥပဒေမဲ့ ပြစ်မှုကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အင်းဒင်ရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်က စိစစ်အရေးယူမယ်ဆိုတာ နိုင်ငံအတွက် ခြေလှမ်းသစ်တခု ရှေ့ကိုလှမ်းတာ ဖြစ်တယ်၊ နိုင်ငံတနိုင်ငံဟာ ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ကိုယ့်ဘာသာ တာဝန်ယူရမှာဖြစ်တယ်၊ တာဝန်ယူတဲ့ လမ်းကြောင်းပေါ်မှာ စပြီးလှမ်းတယ်ဆိုတာ အပေါင်းလက္ခဏာအဖြစ် မြင်တယ်လို့ ပြောကြားထားပါတယ်။ မောင်တောမြို့နယ် အင်းဒင်ရွာမှာ ၂၀၁၇ စက်တင်ဘာ ၂ ရက်က ရိုဟင်ဂျာ ၁၀ ယောက်ကို အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်လို့ အသတ်ခံရသူတွေရဲ့ ဓာတ်ပုံတွေနဲ့တကွ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က သတင်းထုတ်ပြန်ခဲ့တာပါ။ အင်းဒင်ရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းယူဖို့ ကြိုးစားခဲ့ကြတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာလည်း မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024