Home
ဆောင်းပါး
ဘယ်လို သင်္ကြန်ပွဲ ဖြစ်မလဲ
DVB
·
April 10, 2018
ဧပြီလ ၈ ရက်မှာ မြန်မာ့ရုပ်မြင်သံကြားက သင်္ကြန်မိုးရုပ်ရှင်ပြတော့ ၁၀ နှစ်ကျော်ကြာ မကြည့်ရတဲ့ သင်္ကြန်မိုးကို တကားလုံး ပြီးတဲ့အထိ ပြန်ကြည့်မိတယ်။ မြန်မာပေါကားတွေ၊ ရွာကား၊ မြို့ကားတွေနဲ့ ဆူဆူညံညံ ရှိနေချိန်မှာ သင်္ကြန်မိုး ဇာတ်ကားကြည့်ရတာ ဣနြေ္ဒရှိလှတာ သတိထားမိတယ်။ အပြောနဲ့ အပြကို မျှမျှတတနဲ့ ဣနြေ္ဒရရ တင်ဆက်သွားလိုက်တာ ကြည့်ပြီး အလားတူ မြန်မာကားတွေ တခေတ်ကို ပြန်ပြေးမြင် သတိရမိတဲ့အထိပဲ။ ၁၉၇၀ ကျော်ကာလ ရန်ကုန်သင်္ကြန်မြင်ကွင်းတွေနဲ့ မန္တလေးသင်္ကြန် မြင်ကွင်းတွေကိုလည်း တဆက်တည်း ပြေးမြင်မိပြီး သင်္ကြန်လွမ်းဝေဒနာ သည်းပြန်တယ်။ တနေ့လုံး သင်္ကြန်ရေဆော့ကစားပြီး မောမောနဲ့ မနားနိုင်တဲ့ ရန်ကုန်သင်္ကြန် ညချမ်းတွေမှာ သင်္ကြန်အလှပြကားတွေရဲ့ တင်ဆက်ပုံတွေကို မဏ္ဍပ်တခုပြီးတခု ညဥ့်နက်သန်းခေါင်အထိ လျှောက်ကြည့်ခဲ့ဖူးတာတွေလည်း ပြန်ပြေးမြင်တယ်။ ဒီကာလတွေတုန်းက ရန်ကုန်နဲ့ မန္တလေးသင်္ကြန်တွေ အထူးစည်ကားပြီး မန္တလေးကတော့ တမြို့လုံး သင်္ကြန်ကျလို့ ပိုစည်တယ်။ ဂျစ်ကားနဲ့ သင်္ကြန်လည်ဖူးတယ်ဆိုရင် ဖေ့စ်ဘွတ် စကားနဲ့ဆို သင်အသက် ၅၀ ကျော်နေပြီလို့ ပြောရတယ်။ ဘာစီးပွားမှမပါတဲ့ ရိုးရိုးအေးအေး သင်္ကြန်တွေပါ။ ၁၉၉၀ ကျော်ကာလ ရန်ကုန်နဲ့ မန္တလေးသင်္ကြန်တွေကတော့ စီးပွားရေးကုမ္ပဏီတွေ ကြီးစိုးထားတဲ့ စီးပွားရေးသင်္ကြန် တိတိကျကျပြောရရင် အဲဒီခေတ် သင်္ကြန်တွေက ဘီယာမဏ္ဍပ်တွေ အလုပ်ဖြစ်ခဲ့တဲ့ ဘီယာသင်္ကြန်တွေ ဖြစ်ခဲ့တယ်။ အဟောင်းတွေ ပြန်ပြောရတာ တခါတခါ အနှောင့်အသွား မလွတ်တာကြောင့် လတ်တလော ရန်ကုန်နဲ့ မန္တလေးသင်္ကြန်တွေပဲ ဆက်ချင်တယ်။ သင်္ကြန်မိုး ဇာတ်ကားထဲက ဒေါ်ထားထား ပြောတဲ့ ကလေးတွေကို ပျော်ရွှင်ခွင့်ပေးလိုက်ပါ ဆိုတဲ့ ကိုငြိမ်းမောင်တို့ ရန်ကုန်သင်္ကြန် စီစဉ်ထားပုံနဲ့ စတင်လိုက်ပါမယ်။ “မဟာသင်္ကြန်ပွဲတော်ကြီးမှာ ရိုးရာယဉ်ကျေးမှု အစဉ်အလာတွေနှင့်အညီ ကျင်းပနိုင်ရန်နှင့် နိုင်ငံတကာက စိတ်ဝင်စားသည့် နှစ်သစ်ကူးပွဲတော် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း” ဒါက ဧပြီ ၃ ရက်မှာ လုပ်ခဲ့တဲ့ ရန်ကုန်သင်္ကြန် ကျင်းပရေး အစည်းအဝေးမှာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောခဲ့တာဖြစ်ပြီး ကလေးတွေ ပျော်ရွှင်ဖို့အပြင် တခြား ရည်ရွယ်ချက် ကြီးကြီးမာမားရှိနေတာ သတိပြုမိတယ်။ မန္တလေးက စလိုက်တဲ့ လမ်းလျှောက်သင်္ကြန် ဆိုတာလည်း ရန်ကုန်မှာ ပါဦးမှာဖြစ်တယ်။ တခါ အရင် တိုင်းအစိုးရက ပိတ်ထားတဲ့ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေလည်း ပြန်ခွင့်ပြုတယ် ဆိုတာလည်း ရှိသေးတယ်။ တိုင်းအစိုးရ စီစဉ်ထားတာတွေက အခုလို ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ လျှောက်ထားသူ ၆၀ ကျော်ရှိပြီး ပြည်လမ်းမကြီးမှာ ရေပက်မဏ္ဍပ် ၁၀ ခုနဲ့ ဖျော်ဖြေရေးမဏ္ဍပ် ၆ ခု ရှိမယ်။ အရင်နှစ်သင်္ကြန်လို ခရိုင်မဏ္ဍပ် လေးခုနဲ့ သင်္ကြန်ပွဲနွှဲမှာ မဟုတ်ဘဲ တိုင်းထဲ ရှိရှိသမျှ မြို့နယ် ၄၄ ခုစလုံးမှာ သင်္ကြန်မဏ္ဍပ်တွေထိုးပြီး သင်္ကြန်ကျကြမယ်။ ဒါ့ကြောင့် ရန်ကုန်သင်္ကြန်မှာ သင်္ကြန်မဏ္ဍပ်ဆောက်ဖို့ လျှောက်ထားတဲ့ မဏ္ဍပ် ၆၀ ကျော်နဲ့ မြို့နယ် ၄၄ ခုက သင်္ကြန်မဏ္ဍပ်တွေပေါင်းရင် ရန်ကုန်သင်္ကြန်ကို မဏ္ဍပ်ပေါင်း ၁၀၀ ကျော်နဲ့ ဆင်နွှဲမှာဖြစ်တယ်။ ရန်ကုန်သင်္ကြန်မှာ ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ် အားလုံးပေါင်း ၉၅ ခုခန့် လျာထားတယ်လို့လည်း တိုင်းအစိုးရ တာဝန်ရှိသူတယောက်က မီဒီယာကို ပြောထားတယ်။ ရန်ကုန်မြို့တော်ခန်းမတဝိုက်ရှိ လမ်းတွေနဲ့ ကမ်းနားလမ်းမှာ လမ်းလျှောက်သင်္ကြန် လုပ်မယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောထားလေတော့ ဒီနှစ်သင်္ကြန်မှာတော့ ကလေးတွေ ကောင်းကောင်းပျော်နိုင်ကြတော့မှာပေါ့လေ။ သင်္ကြန်ဆို တမြို့လုံး သက်ြန်ကျလေ့ရှိတဲ့ မန္တလေးသင်္ကြန်ဘက် ဆက်ပါဦးမယ်။ လမ်းလျှောက်သင်္ကြန်ကို စတင်အသက်သွင်းခဲ့တဲ့ ဒီနှစ် မန္တလေး လမ်းလျှောက်သင်္ကြန်မှာ လမ်းလျှောက်ရင်း ရေစိုခံကာတွန်းတွေ ကြည့်နိုင်မယ့် ရေစိုခံ ကာတွန်းများ အစီအစဉ်သစ် ထည့်သွင်းထားတယ်။ မန်းသင်္ကြန်ကို ညဘက်မှာပါ ပျော်ရွှင်ဆင်နွှဲနိုင်မယ့် တောသင်္ကြန် ညဈေးဆိုတဲ့ အစီအစဉ်သစ်တခုလည်း ဒီနှစ် မန်းသင်္ကြန်မှာ ထည့်သွင်းထားတယ်။ အဲဒီတောသင်္ကြန် ညဈေးလျှောက်ရင်း မြန်မာမုန့်မျိုးစုံကို ဝယ်ယူစားသုံးနိုင်မယ့် အစီအစဉ်တခုလည်း ဒီနှစ် မန်းသင်္ကြန်မှာ ပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဖြစ်နေတဲ့ ဆရာကျော်ရင်မြင့်က သူတို့ တောသင်္ကြန်မှာ မြန်မာ့ရိုးရာ ၁၂ ပွဲဈေးတန်းလို မန္တလေး နာမည်ကြီး အစားအသောက်တွေ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ ပုံဖော်မှာဖြစ်တယ်လို့ မီဒီယာကို ပြောတယ်။ အဲဒီ တောသင်္ကြန်မှာ ၁၉၇၀ ကျော် ကာလတွေတုန်းကလို ကွင်းပြင်ထဲမှာ ရုပ်ရှင်ပိတ်ကား ထောင်ပြီး ရုပ်ရှင်ပြမယ့် အစီအစဉ်လည်း ပါတယ်။ ဒါ့အပြင် ရုပ်သေး၊ ဆင်အက၊ အိုးစည်ဒိုးပတ်ဝိုင်း၊ ခြင်းလုံးအလှခတ်၊ ချောတိုင်တက်၊ သနပ်ခါးလူးပွဲတွေလည်း ပါဦးမယ်လို့ ဆိုထားတာကြောင့် မန်းသင်္ကြန်က နန်းဆန်နေပြန်ပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း ဒီနှစ်သင်္ကြန်မှာ အရင်နှစ်က ရပ်နားခဲ့တဲ့ စကိုင်းနက်သင်္ကြန်မဏ္ဍပ် ပြန်လည်ဖျော်ဖြေမယ်ဆိုတာကြောင့် ဒေသခံတွေ အခုကတည်းက ပျော်ရွှင်နေကြတယ်။ ဒီမဏ္ဍပ်မှာက နာမည်ကြီး အနုပညာရှင်တွေ နှစ်စဉ် ဖျော်ဖြေ တင်ဆက်လေ့ရှိတာကြောင့် ဒေသခံလူငယ်တွေက ဝက်ဝက်ကွဲ အားပေးလေ့ရှိတယ်။ နေပြည်တော်စည်ပင်ကလည်း ရန်ကုန်နဲ့ မန္တလေးသင်္ကြန်တွေကို  အားကျမခံ ပျဉ်းမနားမြို့ရဲ့ မင်္ဂလာရှမ်းကန်ပတ်လည်မှာ လမ်းလျှောက်သင်္ကြန်ပွဲ နွှဲမယ်။ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်နဲ့ သင်္ကြန်ပွဲဆင်နွှဲမှာဖြစ်သလို တိုင်းရင်းသားသင်္ကြန်ပွဲတွေလည်း ထည့်သွင်းကျင်းပမယ်လို့ ကော်မတီဝင် ဦးမင်းသူက မီဒီယာကို ပြောထားပြန်တယ်။ ပျဉ်းမနားက ရှမ်းကန်ပတ်လည်မှာ အုန်းလက်မဏ္ဍပ် ၅၀ ကျော်ထိုးပြီး ကျင်းပပြုလုပ်မယ့် ရှေးဖြစ်ဟောင်းသင်္ကြန် ဆိုတာကလည်း အင်မတန် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ စစ်ကိုင်းတိုင်းအစိုးရကလည်း ဒီနှစ်သင်္ကြန်မှာ ချင်းတွင်းမြစ်သောင်ပေါ် ကျင်းပမယ့် ချင်းတွင်းသင်္ကြန် ဆိုတာကို ကောင်းကောင်းပြင်ဆင်နေတာ တွေ့ရတယ်။ အစိုးရကြည့်ရတာ သင်္ကြန်မှာ ကလေးတွေ ကောင်းကောင်းကြီး ပျော်နိုင်ဖို့ ပြင်ဆင်ထားတဲ့အပြင် သင်္ကြန်လို ရိုးရာပွဲတွေကနေ ကမ္ဘာကို မြန်မာဆိုတာ ဘယ်လိုလူမျိုး ဖြစ်ကြောင်း သက်သေထင်ရှား ပြသချင်ပုံရှိတယ်။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024