လွှတ်တော်တွင် တင်သွင်းဆွေးနွေးသည့် ဥပဒေများကို လေ့လာနိုင်ရန် ၀က်ဘ်ဆိုဒ်လွှင့်တင်
ပိုင်စိုး
·
April 10, 2018
လွှတ်တော်အသီးသီးမှာ တင်သွင်းဆွေးနွေးနေတဲ့ ဥပဒေတွေကို လေ့လာနိုင်ဖို့ ဝက်ဘ်ဆိုဒ်တခု ကို အရပ်ဘက်အဖွဲ့အစည်းတခုက ရေးဆွဲပြီး ဒီရက်ပိုင်းမှာပဲ လွှင့်တင်လိုက်ပါတယ်။
"I AM A BILL" လို့နာမည်ပေးထားတဲ့ ဒီ ဝက်ဘ်ဆိုဒ်ကို ငြိမ်းချမ်းမျှတလူမှုဖွံ့ ဖြိုးရေးအဖွဲ့က မိတ်ဖက်အဖွဲ့တွေ ဖြစ်တဲ့ ပွင့်လင်းလွှတ်တော်နဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်တို့နဲ့အတူ ၂၀၁၇ ခုနှစ်ကစလို့ အကောင်အထည်ဖော်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းဆွေးနွေးနေတဲ့ ဥပဒေကြမ်းတွေ အပြင် ဒီလွှတ်တော်နှစ်ရပ်ကို ပူးပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်း ဆွေးနွေး နေတဲ့ ဥပဒေကြမ်းဆိုင်ရာ အချက်အလက်တွေကို ဘယ်သူမဆို အလွယ်တကူ ရယူရှာဖွေ နိုင်အောင် ရေးဆွဲပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
လွှတ်တော်အလိုက်ဆွေးနွေးနေတဲ့ ဥပဒေကြမ်းတွေရဲ့ အခြေအနေ၊ ဆွေးနွေးတာ အဆင့်ဆင့်နဲ့ အတည်ပြုပြီး ဥပဒေ စတာတွေကို ခွဲခြား ဖော်ပြထားတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ ဒီဝက်ဘ်ဆိုဒ်မှာပါဝင်တဲ့ အချက်အလက်တွေနဲ့ အသုံးပြုနိုင်တာဟာ စမ်းသပ်အဆင့်ပဲ ဖြစ်သေးပြီး ဒုတိယအကြိမ် လွှတ်တော်ရဲ့ ဥပဒေကြမ်းတွေကိုပဲ ရှာဖွေလို့ ရပါသေးတယ်။
နောက်ပိုင်းမှာတော့ ဆွေးနွေးဆဲ ဥပဒေကြမ်းတွေရဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ဖြစ်တဲ့ ဥပဒေကြမ်း တင်သွင်းတာ၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းတာ၊ ဆွေးနွေးတာ၊ ပြင်ဆင်တာ၊ အတည်ပြုတာ စတဲ့ အခြေအနေတွေကို တင်ပြသွားမယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အချက်အလက်တွေ၊ လွှတ်တော် သတင်းတွေကို ဖော်ပြပေးနေတဲ့ ပွင့်လင်းလွှတ်တော် ဝက်ဘ်ဆိုဒ်တခုလည်း ရှိပြီး ဖြစ်ပါတယ်။
"I AM A BILL" ကို ဖေ့စ်ဘွတ်ခ်မှာ ရှာဖွေနိုင်သလို http://www.iamabill.org/bills ကိုလည်း ဝင်ရောက် အသုံးပြုနိုင်ပါတယ်။