မွေးကင်းစ ကလေး ၂ ဦးအား ရေခဲသေတ္တာထဲ ထည့်သတ်သည့် မိခင်ကို ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ - CEN
ဂျာမနီနိုင်ငံမှာ မွေးစကလေး ၂ ဦးကို အသက်ရှင်နေတုန်း ပလတ်စတစ်အိတ်ထဲထည့် ရေခဲသေတ္တာ ရေခဲခန်းထဲ ထည့်သတ်ခဲ့တဲ့ မိခင်ကို ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံ ဘန်းဒေါ့ဖ်မြို့မှာ ရေခဲခန်းထဲ ကလေးအလောင်း ၂ လောင်းကို ရဲတွေက ဒီနှစ် ဇန်နဝါရီလ အစောပိုင်းက တွေ့ခဲ့တာပါ။ ကလေးတွေကို သတ်ခဲ့သူ အသက် ၄၆ နှစ်အရွယ် မိခင် စတက်ဖီအက်စ်ကို တရားလိုတွေ တောင်းဆိုတဲ့နှစ်ထက် နှစ်ဝက်သာ လျော့နည်းပြီး လူသတ်မှုနဲ့ ထောင်ဒဏ် ၉ နှစ်ခွဲ ချမှတ်လိုက်တာပါ။ နိုင်ငံတော်အဆင့် တရားစွဲဆိုသူ တရားလို ဟန်းဒရစ်ဝက်ဘာက “တိတ်တိတ်ကိုယ်ဝန်ရပြီး ကလေးမလိုချင်တော့ မွေးကင်းစကလေး ၂ ဦးကို ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တွေမှာ သတ်ခဲ့တာ” လို့ ပြောပါတယ်။ တရားရင်ဆိုင်ချိန် ကလေးတွေကို ပလတ်စတစ်အိတ်နဲ့ထုပ်ကာ ရေခဲသေတ္တာ ရေခဲခန်းထဲ ထည့်ခဲ့တယ်။ အဲဒီထဲမှာ တဖြည်းဖြည်း အသက်ရှုကျပ် သေသွားတာလို့ သေမှုသေခင်း စစ်ဆေးသူက သက်သေပြနိုင်ခဲ့ပြီး “အောက်စီဂျင်မရှိလို့ ကလေးတွေ သေဆုံးခဲ့တာ” လို့ စစ်ဆေးသူက ပြောပါတယ်။ “ယောက်ျားလေးတဦးနဲ့ မိန်းကလေးတဦးဖြစ်တဲ့ မွေးကင်းစကလေး ၂ ဦးက ကိုယ်လက်အင်္ဂါ အပြည့်အစုံနဲ့ အောင်အောင်မြင်မြင် မွေးဖွားခဲ့တယ်ဆိုတာ ခွဲစိတ်စစ်ဆေးမှုအရ သိရတယ်” လို့ တရားလို ဝက်ဘာက ပြောပါတယ်။ တရားရုံးစိတ်ပညာရှင် ဒေါက်တာ စတီဗင်နဲ့ စတက်ဖီအက်စ်တို့ နာရီအတော်ကြာ စကားပြော စစ်ဆေးပြီးနောက် “သူမက မလှုပ်မယှက်နေတတ်သူ ဖြစ်တယ်။ လက်တွေ့ပြဿနာတွေကို ဖြေရှင်းဖို့ ရှောင်ကျဉ်တတ်သူဖြစ်ပေမယ့် သူမရဲ့လုပ်ရပ်ကိုတော့ သတိထားမိတယ်။ သူမ ကျူးလွန်တဲ့ အမှုအတွက်လည်း လုံးဝဝန်ခံခဲ့တယ်” လို့ စိတ်ပညာရှင်က ပြောပါတယ်။ စတက်ဖီအက်စ်က တရားရုံး စတင်ချိန်ကတည်းက သူမရဲ့ အမှုအတွက် ဝန်ခံခဲ့ပြီး “ကျမက သတ္တဝါတကောင်ပဲ။ ကျမကိုယ်ကျမတောင် မှန်ထဲ နောက်ထပ် မကြည့်ရဲတော့ဘူး။ ဒီအလောင်းတွေကို ကျမ အသက်မရှိချိန်မှ တွေ့ဖို့လည်း မျှော်လင့်ခဲ့တာပါ” လို့ ပြောပါတယ်။ သူမရဲ့ အတူနေအမျိုးသား အသက် ၅၅ နှစ်အရွယ် အူဝီဒဗလျူက အရင်အိမ်ထောင်နဲ့ အရွယ်ရောက် သားတဦး၊ ဆယ်ကျော်သက် သမီးတဦး ရှိတဲ့အပြင် သူမနဲ့လည်း ကလေး ၂ ဦး ရှိလို့ ကလေးထပ်မလိုချင်တော့ဘူးလို့ သူမက တရားရုံးမှာ ပြောခဲ့ပါသေးတယ်။ သူမက ပဋိသန္ဓေတားဆေးကို အမြဲမသောက်ဘဲ သောက်ချိန်မှာလည်း တုတ်ကွေးဖြစ်နေလို့ သောက်တဲ့ ပိုးသတ်ဆေးတွေက ဓာတ်သတ္တိပြယ်စေခဲ့ပါတယ်။ ကိုယ်အလေးချိန် ၃၀၉ ပေါင်ရှိတဲ့ သူမအတွက် အဝတ်ပွပွတွေဝတ်ပြီး ကိုယ်ဝန်ကို အလွယ်တကူ ဖုံးကွယ်နိုင်ခဲ့တယ်လို့ဆိုကာ သူမမှာ ကားလိုင်စင်နဲ့ ကျန်းမာရေးအာမခံ မရှိလို့ ဆေးရုံမသွားနိုင်ခဲ့ဘဲ နောက်ကျပြီး ကိုယ်ဝန်ပျက်ကျခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ သူမနဲ့ အတူနေအမျိုးသားလည်း ဒီအမှုရဲ့ ဖြစ်စဉ်အားလုံးကို သိမယ်လို့ တရားလိုတွေက ယူဆနေကြပြီး လတ်တလောအချိန်မှာ အမျိုးသားကို ရာဇဝတ်မှု အတော်များများနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ မေရာသတင်းမှာ ဧပြီလ ၆ ရက်နေ့က ဖော်ပြထားပါတယ်။ ဒေသခံသတင်းတွေကလည်း အတူနေအမျိုးသားက စတက်ဖီအက်စ်ရဲ့ မကြာသေးခင်က လမ်းခွဲမှုကို လက်မခံနိုင်လို့ ရဲကို အကြောင်းကြားခဲ့တာဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up