ဆီးရီးယားနိုင်ငံမှာ ဧပြီ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့တိုက်ခိုက်မှုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “မျိုးဖြုတ်လက်နက်တွေကို မလျော်မကန် အသုံးပြုတယ်” ဆိုပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဧပြီ ၈ ရက်နေ့က ဗာတီကန်စီးတီးရှိ စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ ဆုတောင်းပွဲ အခမ်းအနား အပြီးမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့တာပါ။
“ဓာတုပစ္စည်းပါဝင်တဲ့ ဗုံးတွေနဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ဒါဇင်ချီပြီး သေဆုံးခဲ့ရတဲ့ သတင်းဆိုးကြီးကို ကျွန်ုပ်တို့ ကြားသိရပါတယ်။ ဒီအတွက် ကျွန်ုပ်ဟာ သေဆုံး ထိခိုက်ဒဏ်ရာရာသူတွေနဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် ဝတ်ပြုဆုတောင်းပေးပါတယ်။ ဒီလို မျိုးဖြုတ်လက်နက်တွေနဲ့ လက်နက်မဲ့ ပြည်သူတွေကို တိုက်ခိုက်မှုဟာ တရားသောစစ်၊ မတရားသောစစ်ရယ်လို့ လျော်ကန်မှု မရှိပါဘူး။ ဒါကြောင့်မို့ နိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေ အနေနဲ့ သေဆုံး ပျက်စီးမှုတွေ ကင်းမဲ့ရာ တခုတည်းသော လမ်းကြောင်းဖြစ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ရွေးချယ်ကြဖို့ အကျွန်ုပ်တို့ ဆုတောင်းကြပါစို့” ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီး အပါအဝင် ဧည့်ပရိသတ်တွေဟာ သေဆုံး ဒဏ်ရာရခဲ့သူတွေအတွက် ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
ဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ အခမ်းအနား တက်ရောက်ကြသူ သာသနာပြုအဖွဲ့တွေကို လိုက်လံ နှုတ်ဆက်ခဲ့ပါတယ်။