ကားမီးလောင်သေဆုံးသွားသည့် မြန်မာအလုပ်သမားများအတွက် ကရုဏာကြေးပေးအပ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 9, 2018
ထိုင်းနိုင်ငံမှာ ကားမီးလောင်သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၂၀အတွက် ဒီကနေ့ ဧပြီလ ၆ ရက်က နေပြည်တော်မှာရှိတဲ့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ဂရုဏာကြေးပေးအပ်ခဲ့ပါတယ်။
သေဆုံးအလုပ်သမားတွေနဲ့ ထိခိုက်ဒဏ်ရာရ အလုပ်သမားတွေအတွက် လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကျပ် ၈၈သိန်းကျော် ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် ၆၃သိန်းနဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က ငွေကျပ် ၈၁ သိန်း ပေးအပ်ခဲ့ပါတယ်။
အလုပ်သမားတွေဟာ (ထိုင်း - မြန်မာ) MOU အရ တရားဝင်သွားရောက်အလုပ်ကိုင်မယ့် သူတွေဖြစ်ပြီး Star Pioneer ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ Tomy (Thiland) ကုမ္ပဏီလုပ်ငန်းခွင်ကို သွားရောက်စဉ် မတ်လ ၃၀ ရက်နေ့က မဲဆောက်မြို့အလွန် တောင်ပေါ် အဆင်းလမ်းမှာ မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
အဲ့ဒီကားပေါ်မှာလိုက်ပါလာတဲ့ အလုပ်သမား ၂၀ ဦးဟာ မီးလောင်သေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးကတော့ ထိခိုက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးသူမိသားစုဝင်တွေအတွက် ကရုဏာကြေးအနေနဲ့ Stars Pioneerကုမ္ပဏီက သေဆုံး အလုပ်သမားတစ်ဦးကို ကျပ် ၁၀ သိန်းနဲ့ အနှိုင်းမဲ့ နာရေးကူညီအမှုအသင်းနဲ့ မဟာကရုဏာ စာကြည့်တိုက်တို့က အလုပ်သမား တစ်ဦးကို ၆၉၀၀၀ ကျပ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။