အပြစ်မရှိကြောင်း သက်သေပြမည်ဟု တောင်အာဖရိက သမ္မတဟောင်း ပြော

အဂတိလိုက်စားမှု စွဲချက်ကြောင့် တရားရုံးကို ရောက်လာတဲ့ တောင်အာဖရိက သမ္မတဟောင်း ဂျက်ကော့ဘ်ဇူးမားဟာ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြမယ်လို့ တရားရုံးက ပြန်အထွက်မှာ ပြောလိုက်ပါတယ်။ တောင်အာဖရိက သမ္မတဟောင်း ဂျက်ကော့ဘ် ဇူးမားဟာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် လက်နက် အရောင်းအဝယ်မှာ အဂတိလိုက်စားမှု စွဲချက်ကြောင့် ဧပြီ ၆ ရက် နေ့က တရားရင်ဆိုင်ဖို့ တရားရုံးကို ရောက်လာပါတယ်။ သူအာဏာကျအပြီး သီတင်းပတ်အတွင်း ၁၉၉၀ ပြည့်လွန်နှစ်က အမှုအတွက် ခုလို အမှု ရင်ဆိုင်နေရတာပါ။ အသက် ၇၅ နှစ်အရွယ် ဇူးမားဟာ သူအာဏာရှိစဉ် ၉ နှစ် သက်တမ်းအတွင်း ကျော်မကောင်း ကြားမကောင်းမှုတွေ ထူပြောခဲ့သူပါ။ သူဟာ ငွေကြေး ခဝါချမှု၊ အတုလုပ်မှုနဲ့ တရားမဝင်လုပ်ငန်းနဲ့ အသက်မွေးမှုတွေ အပါအဝင် စွဲချက် ၁၆ ခုကို ရင်ဆိုင်နေရပါတယ်။ ဇူးမားကတော့ အမှားမလုပ်ထားဘူးလို့ ငြင်းပြီး အမှုနဲ့ပတ်သက်ပြီး တရားစီရင်မယ့် ဆုံးဖြတ်ချက်ကို စိန်ခေါ်ခဲ့ပါတယ်။ ဒါဘန် တရားရုံးချုပ်က သူ့အမှုကို ဇွန်လ ၈ ရက်နေ့ထိ ရွှေ့ဆိုင်းထားပါတယ်။ စွဲချက်တွေနဲ့ ပတ်သက်ပြီး တင်သွင်းစရာရှိတာတွေကို ပြင်ဆင်ဖို့ အချိန်ရွှေ့ဆိုင်းတာကို ဇူးမားရဲ့ တရားရေး အဖွဲ့ကရော အစိုးရ ရှေ့နေတွေကပါ သဘောတူခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up