Home
မြန်မာသတင်း
ငွေဆောင်ဟိုတယ်ဇုန် သိမ်းဆည်းမြေများအတွက် လျော်ကြေးဈေးနှုန်း ညှိပေးရန် အစိုးရထံတင်ပြ
DVB
·
April 7, 2018
ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုန်မှာရှိတဲ့ ဟိုတယ် ၂၄ လုံးအတွက် သိမ်းဆည်းခဲ့တဲ့ မြေတွေအတွက် ပြန်လည်လျော်ကြေးပေးဖို့ သိမ်းဆည်းခံတောင်သူတွေနဲ့ ဈေးနှုန်းညှိနှိုင်းဖို့ ဟိုတယ်လုပ်ငန်းရှင်တွေက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ငွေဆောင်ကမ်းခြေက ဟိုတယ်ဇုန်မြေတွေကို သိမ်းယူခဲ့ခြင်းဟာ လျော်ကြေးမပေးဘဲ အမိန့်အာဏာနဲ့ သိမ်းယူခဲ့တာကြောင့် ဥပဒေအရ အဆောက်အဦသစ်တွေ ဆောက်လုပ်ခွင့်ကို တားမြစ်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရက အဆောက်အဦအသစ် ဆောက်လုပ်ခွင့် တားမြစ်ချက်ချမှတ်ခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြေပါတယ်။ အဲ့ဒီတားမြစ်ချက် ချမှတ်ထားတာကြောင့် ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ ဆက်တိုးချဲ့ဖို့ အခက်အခဲရှိလာတာကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို သင့်တော်တဲ့ ဈေးနှုန်းဖြစ်ပါက ပြန်လည်လျော်ကြေးပေးဖို့ စတင်အကြောင်းကြားခဲ့တာလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ “ဒေသခံပြည်သူတွေကလည်း ဟိုတယ်ပိုင်ရှင်တွေနဲ့ မြေယာလျော်ရေးရဖို့ ညှိနှိုင်းလို့မရရင် အချိန်ကြာရင် ကြာသလောက် အကျိုးထိခိုက်မှုရှိပါတယ်။ အဲ့ဒီအပြင် ဧရာဝတီတိုင်းဒေသကြီးမှာလည်း ရင်နှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့ မဆောင်ရွက်နိုင်တဲ့အတွက် နစ်နာမှုတွေရှိပါတယ်။” ငွေဆောင်မြို့က မြေသိမ်းဆည်းခံ တောင်သူတွေကတော့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေရှေ့မှာ သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပြီး ဈေးနှုန်းသတ်မှတ်ပေးဖို့ကို မတ်လ ၁၄ ရက်နေ့ကတည်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို စာပို့ထားပြီး အကြောင်းတစုံတရာပြန်ကြားခြင်းမရှိသေးဘူးလို့ ငွေဆောင်မြို့စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။ ငွေဆောင်ဒေသခံ တောင်သူ ၂၄၈ ဦးပိုင်ဆိုင်တဲ့ မြေဧက ၃၅၀ ကျော်ကို ငွေဆောင်ကမ်းခြေဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နဲ့ ၂၀၀၀ ပြည့်နှစ်မှာ စတင်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024