Home
မြန်မာသတင်း
မန္တလေး သင်္ကြန်လုံခြုံရေးအတွက် မြို့ဝင်ထွက်ပေါက်များကို စစ်ဆေးမည်
DVB
·
April 6, 2018
မန္တလေး သင်္ကြန်ကို စည်ကားစွာကျင်းပနိုင်ဖို့နဲ့ မလိုအပ်တဲ့ကိစ္စတွေ မဖြစ်ပေါ်ဖို့ မြို့တွင်း ဝင်ရောက်မယ့် ဝင်ပေါက်၊ ထွက်ပေါက်တွေကို စစ်ဆေးသွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ သင်္ကြန်ကာလအတွက် ဖျော်ဖြေရေးနဲ့ လုံခြုံရေးစီမံရေးကအစ မန္တလေးတိုင်းအစိုးရအဖွဲ့ တိုင်းဒေသကြီးမှာ ဗဟိုကော်မတီဖွဲ့စည်းပါတယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ်က နာယက၊ မြို့တော်ဝန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဌာနဆိုင်ရာ ဝန်ကြီးတွေက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပါတယ်။ ဗဟိုကော်မတီအောက်မှာ လုပ်ငန်းကော်မတီ ကိုးခုနဲ့ ဖွဲ့စည်းထားတယ်။ စီမံခန့်ခွဲရေးနဲ့ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ၂၆ ဦးနဲ့ ဖွဲ့စည်းထားပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက  ဥက္ကဋ္ဌ၊ တိုင်းရဲတပ်ဖွဲ့မှူးကြီးက အတွင်းရေးမှူးတာဝန် ထမ်းဆောင်မှာဖြစ်ပါတယ်။ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကဗိုလ်မှူးကြီးကျော်ကျော်မင်းက“လာမယ့်သင်္ကြန်တွင်းမှာ ပြည်သူတွေ အေးအေးချမ်းချမ်း ပြောရွှင်နိုင်ဖို့ ဗဟိုကော်မတီက ဦးစီးပြီးတော့ ဒီသင်္ကြန်ကို ဒီနှစ်မှာ အရင်နှစ်နဲ့မတူဘဲ ပိုပြီးထူးထူးခြားခြား စည်စည်ကားကား ဆောင်ရွက်နိုင်အောင် လုပ်ခဲ့တဲ့ အစီအမံတွေ ရှိပါတယ်။ ကျနော်တို့ဘက်ကတော့ လုံခြုံရေးပိုင်းဆိုင်ရာတွေကို ပိုပြီးတင်းတင်းကျပ်ကျပ်နဲ့ ဆောင်ရွက်စီမံထားရှိပါတယ်။ အခု ကျုံးပတ်လည်မှာ မဏ္ဍပ်တွေကို မြို့တော်စည်ပင်က စိစစ်ပြီး ချထားတာ ဖြစ်ပါတယ်။ မြို့တွင်းမှာ တခြားမဏ္ဍပ်တွေ ရှိမယ်။ ကန်တော်ကြီးမှာ မဏ္ဍပ်တွေ ရှိမယ်။ ခွင့်ပြုပေးတဲ့ မဏ္ဍပ်တွေ ရှိပါတယ်။ သက်ဆိုင်ရာ လုံခြုံရေးတာဝန်တွေကို ချထားပြီး ဆောင်ရွက်ပေးနေပါတယ်။ မြို့ထဲ ဝင်ပေါက် ထွက်ပေါက်တွေမှာလည်း စစ်ဆေးဖို့အတွက် ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ သင်္ကြန်ကာလအတွင်း ပျော်ရွှင်တဲ့အခါမှာ အပျော်မလွန်အောင်လို့၊ မလိုအပ်ဘဲ ပြဿနာတွေ မတက်အောင်လို့ စစ်ဆေးမယ့်အဖွဲ့တွေလည်း ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။ သင်္ကြန်ကာလတွင်း ယာဉ်သွားလာမှုအတွက် ယာဉ်လမ်းကြောကအစ နိုင်ငံတော်ပိုင် သတင်းစာတွေမှာ ကြေညာထားပြီး ဖြစ်ပါတယ်။ အခုနှစ် မန္တလေး သင်္ကြန်မှာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀၀ နီးပါးကို အသုံးပြုမှာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့နဲ့ အန်ဂျီအိုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024