Home
မြန်မာသတင်း
မော်ချီးဒေသရှိ ကေအန်ပီပီရုံးခွဲကို ပိတ်သိမ်းရန် စစ်တပ်အကြောင်းကြား  
နော်နိုရင်း
·
April 6, 2018
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)လက်နက်ကိုင်အဖွဲ့ရဲ့ ရုံးခွဲတခုကို အစိုးရစစ်တပ်က တရားမဝင်ဟုဆိုကာ သိမ်းဆည်းဖို့ ကေအန်ပီပီရုံး တာဝန်ရှိသူတွေကို အကြောင်းကြားထားပါတယ်။ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုရွာမှာ ဖွင့်လှစ်ထားတဲ့ ကေအန်ပီပီရဲ့ ရုံးခွဲကို သိမ်းဆည်းသွားဖို့ရှိနေတာဖြစ်ပြီး အဆိုပါရုံးခွဲဟာ ကေအန်ပီပီရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ရုံး ဖြစ်ပါတယ်။ ရုံးကိုသိမ်းဖို့ တပ်ဘက်က ပြောဆိုထားပေမယ့် တရားဝင်စာကိုတော့ ကေအန်ပီပီဆီကို မပို့ထားသေးဘူးလို့ ကေအန်ပီပီအထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။ “ကျနော်တို့ဆီကို တရားဝင် အကြောင်းကြားစာတော့ မရသေးပါဘူး။ အဲဒီမှာရှိတဲ့ ကျနော်တို့လူတွေ အကြောင်းကြားလာတာက အဲဒီသဘောမျိုး ဖြစ်နေတယ်။ သူတို့ပြောတာတော့ တရားမဝင်ဘူးပေါ့လေ။ ဒါကြောင့် သူတို့က သိမ်းမယ်ဆိုတဲ့သဘောမျိုး ပြောတယ်။” အဆိုပါရုံးကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက  ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖွင့်လှစ်ထားတာဖြစ်ပြီး အခုလို တရားမဝင်ကြောင်း ပြောဆိုလာတာဟာ ကေအန်ပီပီနဲ့ အစိုးရအကြား သဘောတူ လက်မှတ်ထိုးခဲ့တဲ့အချက်တွေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။ “ကျနော်တို့အစိုးရနဲ့ တွေ့တဲ့အခါတိုင်း ပြောပြီးသားပဲ။ ကျနော်တို့ ၇ မြို့နယ်လုံးမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ သဘောတူတယ်ဆိုပြီး တပ်က သဘောတူတာ ရှိတယ်။ ကျနော်တို့က လက်နက်ကိုင်အဖွဲ့အစည်းလို့ ပြောပေမယ့် ကျနော်တို့လည်း အဖွဲ့အစည်းတခု ဖြစ်တယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအောက်မှာ လူမှုရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး စတဲ့ ကျနော်တို့က လုပ်ငန်းနဲ့ဆိုင်တဲ့ ချမှတ်ထားတဲ့ လုပ်ငန်းကော်မတီပေါင်းစုံ၊ ဌာနပေါင်းစုံ ရှိတယ်။ ဒီလိုလုပ်ငန်းတွေလုပ်ဖို့ ကျနော်တို့ လိုအပ်တဲ့ အဆောက်အဦကို တရားမဝင်ဘူးလို့ ပြောတဲ့ကိစ္စက သဘောတူညီချက် ဆွေးနွေးတုန်းက ဒါတွေက အများကြီး ပြန်စကားပြောဖို့ လိုတယ်။” ကေအန်ပီပီဟာ အစိုးရနဲ့  ပြည်ထောင်စုအဆင့် နှစ်ဖက်အကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်များ (Bilateral Agreements) အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၂ ဇွန်လ ၉ ရက်မှာ တကြိမ်၊ ၂၀၁၃ ဇွန်လ ၂၀ ရက်နေ့က တကြိမ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ ကေအန်ပီပီနဲ့ အစိုးရအကြား တဖွဲ့ချင်း အပစ်ရပ်စာချုပ် ချုပ်ဆိုတာ ပြီးခဲ့မတ်လ ၇ ရက်နေ့က  ၆ နှစ်ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ကေအန်ပီပီခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ နှစ်ဖက်တွေ့ဆုံခဲ့ကြပြီး နောက်တကြိမ် လွိုင်ကော်မြို့မှာ ထပ်မံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။  ဆွေးနွေးပွဲကို အခု ဧပြီလလောက်မှာ တွေ့ဆုံနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ကေအန်ပီပီကို ၁၉၅၇ မေလ ၂ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ အဖွဲ့ဝင် ဖြစ်သလို အစိုးရနဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ Photo : KNPP Peace
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024