Home
မြန်မာသတင်း
မန်းရွှေစက်တော်ဘုရားပွဲကို နှစ်ဆန်း ၁ ရက်ထိဆက်လက်ကျင်းပမည်
DVB
·
April 6, 2018
မန်းရွှေစက်တော်ဘုရားပွဲတော်မှာ တည်းခိုဆောင်တွေနဲ့ ဈေးဆိုင်တွေ ဖျက်သိမ်းပြီး ပြန်သွားကြပြီဆိုတဲ့သတင်းဟာ မမှန်ကန်ဘဲ နှစ်ဆန်း ၁ ရက်အထိ ဘုရားပွဲဆက် ကျင်းပသွားမယ်လို့ မန်းရွှစက်တော် ဂေါပကအဖွဲ့က ပြောပါတယ်။ မန်းရွှေစက်တော်ဘုရားပွဲအတွက် ဖွင့်လှစ်ထားတဲ့ တည်းခိုဆောင်တွေနဲ့ ဈေးဆိုင်တွေဟာ မိုးလေဝသအခြေအနေတွေကြောင့် ရေဘေးဒုက္ခကြုံရမှာ ကြောက်လို့ ဖျက်သိမ်းပြီး ပြန်သွားကြပြီ ဆိုတဲ့ ကောလာဟလသတင်းတွေက အခုရက်ပိုင်းမှာ ပျံ့နှံ့နေတာပါ။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် ကျင်းပတဲ့အတိုင်း တပို့တွဲလဆန်း ၅ ရက်ကနေ  မြန်မာနှစ်ဆန်း ၁ ရက်အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်းက အတည်ပြုပြောပါတယ်။ “မန်းရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော် စည်ကားမှုကို ပျက်ပြားအောင် နှောင့်ယှက်သူတွေက အခုနှစ်မှ မဟုတ်။ အရင်နှစ်တွေကလည်း ပွဲတော်အတွင်းမှာ မီးလောင်မယ်။ ရေကြီးမယ်လို့ ကောလာဟလသတင်းတွေကို အခုလို လွှင့်ပြီး ဘုရားဖူး ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တာမျိုး ရှိခဲ့ဖူးတယ်။” ဘုရားပွဲတော်ဈေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုက “အရင်ရက်ပိုင်းလောက်က မိုးဇလဌာနကနေ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေ ကြည့်ပြီး မန်းရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော်ကို ပျက်စီးအောင် အချိန်ကိုက် အခုလို သတင်းအမှားတွေနဲ့ သူတို့ ဖေ့စ်ဘွတ်ခ် တွေပေါ်ကနေ တိုက်ခိုက်နေတာသာ ဖြစ်တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် တည်းခိုဆောင်လုပ်ငန်းရှင်တွေကလည်း “အခုအချိန်ဟာ ပွဲတော်ထဲမှာ အစည်ကားဆုံးရက်တွေဗျ။ ကျောင်းသားတွေ စာမေးပွဲဖြေပြီးကတည်းက တော်တော်လေး စည်ကားလာတာ မျက်မြင်ကိုယ်တွေ့ပဲ။ ပြီးတော့ နိုင်ငံခြားသားတွေတောင် လာကြတယ်ဗျာ။ ဘယ်လိုနိုင်ငံတွေက လာကြတာလဲတော့ မသိဘူး။ တည်းခိုဆောင်တွေ အားလုံးနဲ့ ဈေးဆိုင်တွေ ရှိပါသေးတယ်” လို့ တည်းခိုဆောင်တွေနဲ့ ဈေးဆိုင်တွေ ပွဲတော်အတွင်းမှာ ခင်းကျင်း ရောင်းချနေသေးကြောင်း ရှိနေတာကို ရှင်းပြပါတယ်။ မကွေးတိုင်း၊ မင်းဘူး စကုမြို့နယ်ထဲက မန်းရွှေစက်တော် ဗုဒ္ဓပါဒ ပူဇနိယပွဲတော်ဟာ မြန်မာနိုင်ငံမှာ ကျိုက်ထီးရိုးဘုရားပွဲတော်ပြီးရင် ဒုတိယရက်အရှည်ဆုံး ဘုရာပွဲတော်လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024