Home
မြန်မာသတင်း
ရှေ့နေများ စာချုပ်မမှန်မကန်ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်
Aung Ko Latt
·
April 5, 2018
ရှေ့နေတွေအနေနဲ့  စာချုပ်တွေ ချုပ်ဆိုရာမှာ မမှန်မကန်ပြုလုပ်ပါက ထိရောက်စွာ အရေးယူမယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ တာဝန်ရှိသူတွေ၊ စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု ပေါင်းစပ် ညှိနှိုင်းရေးကော်မတီနှင့် မုံရွာခရိုင်ရှေ့နေအသင်းတို့ ဧပြီလ ၅ ရက်နေ့ မုံရွာခရိုင်ရှေ့နေ ရုံးခန်းမှာ တရားစီရင်ရေးနဲ့ ဥပဒေရေးရာကိစ္စရပ်တွေကို ဆွေးနွေးရာမှာ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။။ ဒီဆွေးနွေးပွဲမှာ စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဦးခင်မောင်ချစ်က ရှေ့နေတွေနဲ့ပတ်သက်ပြီး တိုင်ကြားစာ ရောက်လာတဲ့ အပေါ်မှာ ပြောဆိုခဲ့တာပါ။ “ကျနော်တို့ကော်မတီကို တိုင်ကြားစာပေါင်း ၁၅၀ ကျော် ရောက်တဲ့အထဲက ရှေ့နေတွေ အရောင်းအဝယ် စာချုပ်စာတမ်းကိစ္စတွေမှာ ပြင်ဆင်၊ ဖြည့်စွက်တယ်ဆိုပြီး တိုင်ကြားစာ ၂ စောင် ရောက်တယ်။ ဒီကိစ္စတွေမှာ အထူးဂရုစိုက်ကြဖို့ ပြောတာ။ စစ်ဆေးလို့ ပေါ်ပေါက်ရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်။ တိုင်တဲ့သူက မှားရင်၊ မမှန်မကန်တိုင်ရင်လည်း အရေးယူ သွားမယ်။ ဒါကိုပြောတာ။ တိုင်ကြားစာတွေကတော့ တောက်လျှောက် ဖြေရှင်းပေးနေတယ်။ တလ ၂ ကြိမ် အစည်းအဝေးထိုင်ပြီး လုပ်ဆောင်နေတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချစ်က ဒီဗွီဘီကို ပြောပါတယ်။ ဒီနေ့ တွေ့ဆုံပွဲမှာ တရားစီရင်ရေး နှောင့်နေးနေတဲ့ကိစ္စ၊ မုံရွာ တရားရုံး အချုပ်ခန်းနဲ့ ပတ်သက်ပြီး အချုပ်သားတွေ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ကိစ္စ၊ မြေယာအမှုအခင်းတွေနဲ့ ပတ်သက်ပြီး မြေစာရင်းဦးစီးဌာနမှာ မြေပုံတောင်းယူတာမှာ ကြန့်ကြာနေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့နေတွေက တင်ပြ၊ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ရှေ့နေတွေအနေနဲ့ တရားသူကြီး၊ ဥပဒေအရာရှိတို့ကို အထက်အရာရှိသဖွယ် ဆက်ဆံနေတာတွေနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ကိုယ်စားလှယ်တဦးကလည်း ဆွေးနွေးခဲ့ပါသေးတယ်။ “ရှေ့နေ၊ တရားသူကြီး၊ ဥပဒေအရာရှိဆိုတာ တရားရုံးရဲ့ ထောင့်သုံးထောင့်ပါ။ တချို့ ရှေ့နေပေါက်စတွေက တရားသူကြီးဆိုတာ ကိုယ့်အထက်အရာရှိလို့ ထင်နေပြီး ရှေ့နေကြီးတွေမှာလည်း ရှိနေတယ်။ ဥပဒေအရာရှိက ကိုယ့်အထက်အရာရှိလို့ ထင်နေတဲ့သူတွေ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်။ တရားစီရင်ရေးမှာ ရှေ့နေသည် တရားသူကြီးရဲ့ တပည့်မဟုတ်သလို ဥပဒေအရာရှိကလည်း ရှေ့နေတွေရဲ့ ဆရာ မဟုတ်ဘူး။ ထောင့်သုံးထောင့်ပဲ။ အားလုံးဟာ တရားစီရင်ရေးကို ကိုယ့်ထောင့်သုံးထောင့်နဲ့ကိုယ် ပါဝင်နေတာ ဖြစ်တယ်။ ဒါတွေကိုလည်း ရှေ့နေတွေက နားလည်ဖို့လိုတယ်"လို့ တရားလွှတ်တော်ရှေ့နေ ဦးတင်ကိုက တင်ပြဆွေးနွေးခဲ့ပါတယ်။ အခုလို တွေ့ဆုံပွဲတွေကနေတဆင့် နှောင့်နှေးနေတဲ့ တရားစီရင်ရေးစနစ်တွေမှာ ထိုက်သင့်တဲ့ အထောက်အကူ ဖြစ်လာစေမှာ ဖြစ်ပြီး အခုတကြိမ်နဲ့တော့ အားလုံး အဆင်မပြေနိုင်ဘူးလို့ လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အမာကြည်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024