Home
ဆောင်းပါး
မိုးကုတ် နှစ် ၈၀၀ အသံများ
DVB
·
April 5, 2018
မန္တလေး-မတ္တရာ-မိုးကုတ်လမ်း။ ဒီလမ်းကပဲ မိုးကုတ်နှစ် ၈၀၀ ပြည့်ပွဲကို သွားဖို့ ကျနော်တို့ ဒီဗွီဘီအဖွဲ့သားတွေ ဆုံးဖြတ်လိုက်ကြပါတယ်။ မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်းက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ပါ။ တကယ်တော့ ကျနော်တို့ရွေးတဲ့လမ်းဟာ အကွေ့အကောက်များပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျနော် ဒီလမ်းကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသူပါ။ အမှောင်အိပ်မက်ရှည်ကြီးကို ဖြတ်သန်းရသလို ဒီလမ်းကို ဖြတ်သန်းခဲ့တာပါ။ လမ်းတွေက တဆစ်ချိုးကွေ့ များသလို ဒီလမ်းပေါ်က ခရီးသည်တွေရဲ့ ဘဝဟာလည်း တဆစ်ချိုးကွေ့တွေ များလှပါတယ်။ ဒီလမ်းဟာ အကွေ့အကောက်တွေများသလို ဒီလမ်းကို ဖြတ်သန်းခဲ့ရသူတွေရဲ့ ဘဝဟာလည်း အကွေ့အကောက်တွေ များလှပါတယ်။ ဒီလမ်းဟာ ချိုင့်တွေ အဖုအထစ်တွေများသလို ဒီလမ်းပေါ်က ခရီးသွားတွေရဲ့ ဘဝဟာလည်း ကြမ်းတမ်းလှပါတယ်။ ငါတို့ကို ကားပေါ်ကဆင်း၊ လက်မြှောက်၊ လမ်းလျှောက်ခိုင်းတာ ဒီကွေ့လေးမှာပေါ့။ ငါတို့ကို သေနတ်နဲ့ချိန်ပြီး ငါတို့အထုပ်တွေ ဖြေပြခိုင်းတာ ဒီတောင်အတက်ကလေးမှာပေါ့။ ငါတို့ကို ကားမြန်မြန်ထွက်ခွင့်ရအောင် ပိုက်ဆံပေးခိုင်းတာ ဒီတောင်ဆင်းက ဂိတ်ကလေးမှာပေါ့။ ကားပေါ်လိုက်ပါလာရင်း အတွေးတွေက အတိတ်ဆီကို ရောက်ရောက်သွားပါတယ်။ ကျနော်နဲ့ တကားတည်းစီးလာတဲ့ လူငယ်သတင်းသမားတွေက ပျော်ပျော်ပါးပါး။ သူ့ကုသိုလ်နဲ့ သူပေါ့။ ကျပ်ပြင်မြို့ဝင်ခါနီး ‘ပတ္တမြားမြေက ကြိုဆိုပါ၏’ဆိုတဲ့ မုခ်ဦးနားမှာ ‘မိုးကုတ် နှစ် ၈၀၀ မှ ကြိုဆိုပါ၏’ ဆိုတဲ့ မုခ်ဦးကို တွေ့တဲ့အခါ ကားပေါ်က လူငယ်သတင်းသမားတွေ အပြေးအလွှား ပျော်ပျော်ပါးပါး ဓာတ်ပုံရိုက်ကြ။ တကယ်တော့ ဒီနေရာ တချိန်က သေမင်းခံတွင်းဝလို နေရာမျိုးဆိုတာ သူတို့ သိမှမသိဘဲလေ။ ဒီနေရာမှာ အထူးဂိတ်ဖွင့်ပြီး ကြမ်ကြမ်းတမ်းတမ်း လုယက်ဖမ်းဆီးတာတွေ လုပ်တဲ့နေရာပေါ့ဗျာ။ ခုတော့ သူတို့ လူငယ်တွေ ပျော်ရွှင်ခွင့်ရပြီလေ။ အမှောင်ခေတ်သမိုင်းကတော့ ကျန်ခဲ့ပါပြီ။ မိုးကုတ်မြို့ထဲဝင်တော့ လမ်းတွေချဲ့ထားတာ တွေ့ရတယ်။ လမ်းအလယ်က ပန်းခုံတွေမှာလည်း ပန်းတွေဝေလို့။ နှစ် ၈၀၀ ပွဲအမီ အလှပြင်ထားပါတယ်။ ၈၈ အရေးတော်ပုံ ကာလတုန်းက ဒီလမ်းတွေပေါ်မှာ လူတွေအပြည့် ချီတက်ပြီး မဆလ အစိုးရကို အန်တုခဲ့ပုံတွေကို ပြန်မြင်ယောင်မိပါတယ်။ ကျောက်တိုင်ကွင်းရောက်တော့ အာဇာနည် ကျောက်တိုင်သစ်တခုကို မားမားမတ်မတ် တွေ့လိုက်ရပါတယ်။ ၈၈ အရေးတော်ပုံ ကာလတုန်းက ဒီကျောက်တိုင်ကွင်းမှာ တရားပွဲတွေ ကျင်းပတာကို ပြန်မြင်ယောင်လာသလို ၈၈ အရေးတော်ပုံကို နှိပ်ကွပ်ပြီး ကျဆုံးသွားတဲ့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုပ်အလောင်းကို ဒီကျောက်တိုင်ကွင်းမှာပဲ ပြင်ခဲ့ရတာတွေ၊ အမှောင်အောက်မှာ စစ်တပ်က တမြို့လုံးကို ဗကပလက်အောက် ကျသွားပြီလို့ ကြေညာပြီး မြို့ကို ချေမှုန်းခဲ့တာတွေ ပြန်လည်မြင်ယောင်မိပါတယ်။ အုန်းကိုင်းရွာသစ်ရောက်တော့ ကျနော် ၈၈ အရေးတော်ပုံကာလတုန်းက မြို့သူမြို့သားတွေ၊ ကျောင်းသားတွေ အကူအညီနဲ့ထုတ်ခဲ့တဲ့ လူ့အခွင့်အရေးသတင်းစဉ်ကို ပြန်သတိရမိပါတယ်။ အဲဒီသတင်းစဉ်ကလေးကို အုန်းကိုင်းရွာသစ်အဝင် တောင်ကုန်းကလေးပေါ်မှာရှိတဲ့ တဲကလေးပေါ်မှာ စတင်ရေးသားထုတ်ဝေခဲ့ပြီး အရေးတော်ပုံစပြီး နောက်တနေ့ (၉-၈-၈၈) နေ့ကစလို့ အရေးတော်ပုံ ချေမှုန်းခံရပြီး နောက်တနေ့ (၁၈-၉-၈၈) အထိ လူမှုရေးအသင်းအဖွဲ့တွေ မြို့မိမြို့ဖတွေ၊ ကျောင်းသားတွေ အကူအညီနဲ့ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အရေးတော်ပုံကာလအတွင်း သက်တမ်းအရှည်ဆုံး သတင်းစဉ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၈၈ အရေးတော်ပုံကာလအတွင်း အတူလှုပ်ရှားခဲ့တဲ့ ရေးဖော်ရေးဘက်တွေနဲ့ ပြန်ဆုံခဲ့ရသလို ပတ္တမြားမြေမဂ္ဂဇင်း အတူလုပ်ခဲတဲ့ ရေးဖော်ရေးဘက်တွေ၊ ရတနာကောင်းကင် စာပေမိတ်ဆွေတွေနဲ့ ပြန်တွေ့ရတာ စကားလက်ဆုံ ကျခဲ့ရတာတွေဟာ အင်တာနက်ပေါ်က စာအုပ်ဟောင်းတွေ ပြန်ဖတ်ရသလို ခံစားမိပါတယ်။ လီရှောအရက်နံ့ တသင်းသင်းနဲ့ ဆိုင်ကယ် ကယ်ရီသမားလေးကတော့ ပျော်တယ်ဗျာ၊ ပျော်တယ်။ ဧည့်သည်တွေ အများကြီးလာလို့ ပျော်တယ်ဗျာလို့ ပြောရင်း မြို့အကြောင်းတွေပြော၊ ခံစားချက်တွေ ရင်ဖွင့်။ “ကျနော်တို့ ဆိုင်ကယ်တွေကို လိုင်စင်လုပ်တဲ့အခါ မန္တလေးမှာ သွားလုပ်ရတယ်။ အနည်းဆုံး ခရီးစရိတ် စားစရိတ်နဲ့ဆို သိန်းနဲ့ချီကုန်တယ်။ အသားလွတ်ကုန်တာဗျာ။ အဲဒါကြောင့် ကျနော် ဆိုင်ကယ်ကို လိုင်စင်သက်တမ်း မတိုးတော့ဘူး၊ တရားမဝင် ဆိုင်ကယ်ပဲ အဖြစ်ခံတော့မယ်။ ကျနော်တို့မြို့မှာ ဆိုင်ကယ်တွေ အများကြီးဗျ။ ဒီမြို့မှာသာ လိုင်စင်လုပ်ပေးမယ်ဆိုရင် အစိုးရအတွက် အခွန်တွေ အများကြီးရမှာ။ ခုတော့ အစိုးရလည်း အခွန်မရ၊ ကျနော်တို့လည်း တရားမဝင် ဆိုင်ကယ်ပိုင်ရှင်တွေ ဖြစ်နေရလို့ တိုင်းပြည်အပေါ် တာဝန်မကျေသလို ခံစားနေရတယ်ဗျာ။ ကျနော်တို့တိုင်းပြည်အတွက် အခွန်ထမ်းဖို့ လွယ်လွယ်ကူကူလေးဖြစ်အောင် လုပ်ပေးရင် ဘယ်လောက်ကောင်းမလဲ” လို့ အရှိန်တက်နေတဲ့အသံနဲ့ ပြောပါတယ်။ မိုးကုတ်အင်းဘက်ကို ပန်းချီရေးဖော်ရေးဘက် ကိုပြည့်စုံ၊ ကိုခွန်ဒွေးတို့နဲ့ လမ်းလျှောက်တဲ့အခါ မိုးကုတ်အင်းပတ်လမ်းဟာ အံ့သြဖွယ်ကောင်းလောက်အောင် လှပ သန့်ရှင်းနေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ နဲ့ ဘယ်လိုမှ မသက်ဆိုင်တော့သလိုပါပဲ။ အင်းပတ်လမ်းမှာ လမ်းလျှောက်သူတွေရဲ့ မျက်နှာမှာလည်း အပြုံးပန်းတွေ လှိုင်လှိုင်ဝေလို့။ အင်းပတ်လမ်းကို အခုလိုပြင်လိုက်တာ တော်တော်ကောင်းတဲ့ စိတ်ကူးပါ။ အင်းထဲကို မဆလခေတ်က နားလည်မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ အာဏာအရှိန်အဝါသုံးပြီး ကျူးကျော်ခဲ့သူတွေကို နောက်ထပ် စည်းကမ်းမဲ့ မကျူးကျော်နိုင်အောင် ပါးပါးနပ်နပ် ကန့်သတ်လိုက်သလို အရင်ကျူးကျော်မှုတွေကိုလည်း နောက်ပြန်လှည့် အရေးမယူတာကို တွေ့ရပါတယ်။ ကျနော့်မိတ်ဆွေ ကိုပြည့်စုံကတော့ ခုလို အင်းပတ်လမ်းကို ဖို့လိုက်တဲ့အခါ အောက်က ရေထွက်ကို ထိခိုက်သွားမှာ စိုးရိမ်တဲ့အကြောင်း ပြောပါတယ်။ ရေအင်းဆိုတာက ရေဝင်ရေထွက်ရှိမှ ရေရှည်တည်တံ့နိုင်မယ်လို့ သူ့အမြင်နဲ့ စိုးရိမ်မှုကို ထုတ်ပြောပါတယ်။ သူက သတ္တဗေဒသမားပီပီ အင်းထဲက ငါးမျိုးစိတ်တွေအတွက်လည်း စိတ်ပူပါသေးတယ်။ ရွာလူကြီးတယောက်ကတော့ သူ့ရွာမှာ ဒီနေ့ပဲ သားအဖနှစ်ယောက်ကို မူးယစ်မှုနဲ့ ထောင် ၁၀ နှစ်၊ ထောင် ၇ နှစ် အသီးသီး အပြစ်ပေးခံရလို့ စိတ်မကောင်းကြောင်းနဲ့  တရားရုံးတွေဟာ အလွန်စိတ်ပျက်ဖွယ်ကောင်းကြောင်း ပြောပြပါတယ်။ မိုးကုတ်နဲ့ မနီးမဝေး ထုံးဖိုရွာကလေးမှာ မူးယစ်ဆေးစွဲလူငယ်တွေဟာ မြင်မကောင်းကြောင်းနဲ့ မိုးမိတ်နဲ့ မိုးကုတ်နယ်စပ်မို့ ဖမ်းဆီးရခက်တဲ့အကြောင်း ပြောပါတယ်။ အမျိုးသားစာပေဆုရ ထက်နိုင်(တလုပ်မြို့) ကတော့ ကျောက်မျက်ဥပဒေဟာ ငွေကြေးကြွယ်ဝသူတွေအတွက် မဟုတ်ဘဲ မြို့ခံ လက်လုပ်လက်စားတွေ တနိုင်တပိုင် လုပ်နိုင်အောင် ဦးတည်ရေးဆွဲနိုင်ရင် ကောင်းမှာပဲဗျာလို့ လက်ဖက်ရည်အတူသောက်ရင်း လေအေးအေးနဲ့ ပြောပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ်က မိုးကုတ် နှစ် ၈၀၀ ပြည့်ဖွင့်ပွဲမှာ ၂၀၂၀ အတွက် မိုးကုတ်ကို အားကိုးရမှာပါလို့ အဖွင့်မိန့်ခွန်း ပြောသွားတယ်လို့ ပါတီဝင် လူငယ်တယောက်က ဂုဏ်ယူဝမ်းသာတဲ့ လေသံနဲ့ အားပါးတရ ကျနော်တို့ကို လာပြောပါတယ်။ “မိုးကုတ်သူ မိုးကုတ်သားတွေဟာ စစ်အာဏာရှင်အစိုးရ ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ အားကိုးရသလို ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရရေးအတွက် အားကိုးခဲ့ရပါတယ်ကွာ။ တကယ်တော့ ပါတီတခု အနိုင်ရရေးအတွက် အားကိုးတာထက် တနိုင်ငံလုံး တိုးတက်ဖို့အတွက် ကျနော်တို့ မိုးကုတ်သူ မိုးကုတ်သားတွေကို အားကိုးစေချင်ပါတယ်ဗျာ” လို့ ၈၈ အရေးတော်ပုံမှာ မထင်မရှား ပါဝင်ခဲ့တဲ့ မိုးကုတ်သား လူလတ်ပိုင်းတယောက်က ပြောပါတယ်။ အန်အယ်လ်ဒီပါတီဝင်တွေက ရွေးကောက်ပွဲ အနိုင်ရရေးအတွက် ပြည်သူတွေကို အားထားရသလို ပြည်သူတွေကလည်း အန်အယ်လ်ဒီပါတီကို အားကိုး မျှော်လင့်နေကြပါတယ်။ တကယ်တော့ အစိုးရနဲ့ ပြည်သူဆိုတာ ရေနဲ့ ကြာလိုပါပဲ။ သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024