Home
မြန်မာသတင်း
မြိုတိုင်းရင်းသူ အမျိုးသမီး ၁ ဦး အသတ်ခံရ၊ ၁ ဦး အသက်ရှင်လျက် ပြန်တွေ့
DVB
·
April 5, 2018
အကြမ်းဖက်သမားတွေရဲ့ လိုက်လံသတ်ဖြတ်ခံခဲ့ရတာကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  မြိုတိုင်းရင်းသူ အမျိုးသမီးတဦး သေဆုံးပြီး ပျောက်ဆုံးနေတဲ့ မြိုအမျိုးသမီးတဦးကိုတော့ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ ဧပြီ ၄ ရက် မနက် ၁၁ နာရီလောက်က ဘော်တလာကျေးရွာဘက်ကို ဟင်းစားရှာဖို့ ထွက်လာခဲ့တဲ့ ခမောင်းဆိပ်ကျေးရွာနေ မြိုတိုင်းရင်းသားအမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး ပေါင်း ၈ ဦးတို့ဟာ ရွှေဇံချောင်းအနီးမှာ  ဓားရှည်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေက ဓားတွေနဲ့ လိုက်ခုတ်လို့ မြိုတိုင်းရင်းသား ၈ ဦးဟာ ကစဥ့်ကလျား ထွက်ပြေးခဲ့ကြရပြီး ၆ ဦးသာ ခမောင်းဆိပ်ကျေးရွာကို ပြန်လည်ရောက်ရှိလာကာ ဒေါ်ဆောင်ရွေးနဲ့ ဒေါ်မွေးရွေးတို့ နှစ်ဦးကတော့ ပြန်ရောက်မလာလို့ နယ်မြေစခန်းရဲမှူးနဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာသားအချို့နဲ့အတူ လိုက်လံရှာဖွေရာ ဘော်ဒလာကျေးရွာအနီးမှာ ဒေါ်ဆောင်ရွေးကို ဦးခေါင်းခွံ ပြတ်ရှပေါက်ပြဲ ဒဏ်ရာတွေနဲ့ လဲကျ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ဒေါ်မွေရွေးကိုတော့ မင်္ဂလာညွန့်ကျေးရွာမှာ မနေ့ညနေ ၅ နာရီလောက်က ပြန်တွေ့ပြီဖြစ်တယ်လို့ အနီးနားက သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားပါတယ်။ "ဟုတ်ပါတယ်၊ ပျောက်ဆုံးနေသူကို ပြန်တွေ့ပါပြီ။ မင်္ဂလာညွန့်ကျေးရွာမှာပါ၊ သေဆုံးသူကိုတော့ အခု မောင်တောမြို့ ဆေးရုံကို သယ်ဆောင်ဖို့ လုပ်နေပါတယ်။ အကြမ်းဖက်သမားတွေကိုတော့ နယ်မြေစခန်းက သက်ဆိုင်ရာတို့ လိုက်လံရှာဖွေနေပါတယ်”လို့ ပြောပါတယ်။ သေဆုံးသူမှာ ဒေါ်ဆောင်ရွေး (၄၀-နှစ်)ဟာ  လေးမြို့ကေဒီကျေးရွာသူ ဖြစ်ပြီး မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာမှာ  ခေတ္တလာရောက် နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသတ်မှုနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတဲ့အကြောင်းနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ ရှာဖွေနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီကလည်း ထုတ်ပြန်ထားပါတယ်။ သတင်း - သက်နိုင်ဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024