Home
မြန်မာသတင်း
ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တွင် မိုးကြိုးထိမှန်၍ လူ ၃ ဦး ဒဏ်ရာရ၊ ၃ ဦး သေဆုံး
DVB
·
April 4, 2018
ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာ မိုးကြိုးထိမှန်လို့ လူ ၃ ယောက် ဒဏ်ရာရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရွာမရပ်ကွက်နားက အုတ်ဖိုမှာ အုတ်လုပ်နေတဲ့ ဦးအောင်ဌေးကို မိုးကြိုးပစ်ခံရပြီး နားနှစ်ဖက်က သွေးထွက်၊ ရင်ဘတ်မှာ အရေခွံစုတ်ပြဲဒဏ်ရာတွေရပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ညနေ ၆ နာရီခွဲအချိန်မှာ ဖြူးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာနားမှာ မခိုင်ဇာလင်းဟာ ညောင်ပင်သာ ကျေးရွာကနေ ဂုံမင်းကွင်းရွာကို ဆိုင်ကယ်နဲ့ တယောက်တည်း ပြန်လာနေတုန်းမှာ မိုးကြိုးပစ်ခံရပြီး ကျောကုန်းအရေပြားလန်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကျောက်တန်းစံပြရွာက ဦးမြင့်စိုးနဲ့ အတူ တခြား ၂ ယောက်တို့ အိမ်မှာ ရှိနေတုန်း မိုးချုန်းလို့ ဆိုလာပြားက တဆင့်လျှပ်စီးဝင်ပြီး ဘက္ထရီအိုး ၂ လုံးရဲ့ အဖုံးတွေ ပွင့်ထွက်ခဲ့ပါတယ်။ ဦးမြင့်စိုးတို့ ၃ ယောက်မှာ မိုးကြိုးလျှပ်စီး ထိမှန်ဒဏ်ရာတွေ ရခဲ့တာကြောင့် ပဲခူးဆေးရုံမှာ ကုသနေရပါတယ်။ ဧပြီလ ၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ငါးတိုင်ရွာနားမှာ ဦးတင်တင်အောင်ဟာ ကိုင်းတောကို မီးရှို့ ရှင်းလင်းနေတုန်း မိုးကြိုးပစ်ခံရလို့ ဦးခေါင်းချိုစောင်းနဲ့ ကျောပြင်မှာ မီးလောင်ဒဏ်ရာ၊ ညာဘက်နားမှာ သွေးထွက်ပြီး လည်ပင်းညာဘက်နဲ့ လည်ဂုတ်ညိုမဲဒဏ်ရာတွေ ရရှိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024