ဂန့်ဂေါခရိုင်တွင် သက်တမ်းလွန် စားသောက်ကုန်များ မီးရှို့ဖျက်ဆီး
DVB
·
April 4, 2018
သက်တမ်းလွန် စားသောက်ကုန်တွေ မီးရှို့ဖျက်ဆီးပွဲကို ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ရေမျက်နီရွာ အ.ထ.က ကျောင်းဝင်းနဲ့ ပုံတောင်ပုံညာတောင်ကြားက ကျောမြို့ အ.ထ.က ကျောင်းဝင်းတို့မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
ခရိုင်စားသုံးသူရေးရာဦးစီးဌာနနဲ့ပူးပေါင်းအဖွဲ့က မတ် ၁၀ ရက်က သိမ်းဆည်းခဲ့တဲ့ ရေမျက်နီကျေးရွာရှိ ဆိုင် ၁၉ ဆိုင်မှ ငွေကျပ် ၂ သိန်းခွဲကျော်တန်ဖိုးရှိ သက်တမ်းလွန် စားသောက်ကုန်တွေနဲ့ ကျောမြို့ရှိ ဆိုင်၁၄ ဆိုင်မှ ငွေကျပ် ၂သိန်းလောက်တန်ဖိုးရှိ သက်တမ်းလွန် စားသောက်ကုန်တွေကို ဖျက်ဆီးခဲ့တာလို့ သက်ဆိုင်ရာက ရှင်းပြပါတယ်။
မီးရှို့ဖျက်ဆီးပွဲကို ခရိုင်အုပ်ချုပ်ရေး၊ရဲနဲ့ မီးသတ်တပ်ဖွဲ့အပါအ၀င် ဌာနဆိုင်ရာတွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေတက်ရောက်ပြီး အချိုရည်ဘူးတွေကို ဖောက်ထုတ်ကာ တခြားစားသောက်ကုန်တွေကိုလည်း မီးရှို့ ဖျက်ဆီးကြပါတယ်။
ရေမျက်နီကျေးရွာသား ဦးဖေဝင်းက “စားသုံးသူရေးရာဦးစီးဌာနက ကျေးရွာတွေအရောက် ကွင်းဆင်းပြီး စားသောက်ကုန် လုံခြုံစိတ်ချရေး ဟောပြောပွဲတွေ ဆောင်ရွက်ပေးတော့ ပြည်သူတွေ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ အသိပညာတွေရတယ်”လို့ ပြောပါတယ်။
သိမ်းဆည်း ဖျက်ဆီးခဲ့တဲ့ စားသောက်ကုန်အများစုမှာ အချိုရည်ဘူးတွေ၊ မာလာဟင်းသုံး ပစ္စည်းတွေ၊ တုတ်ထိုးချိုချဉ်တွေ အများစု ပါဝင်တယ်လို့ သိရပါတယ်။
သတင်း - ယောသားလေး