တာလီဘန်ကိုယ်စားလှယ်များ စုဝေးပွဲကို ပစ်မှတ်ထားပြီး အာဖဂန်စစ်တပ် တိုက်ခိုက်

ဓာတ်ပုံ - Getty
အာဖဂန်နစ္စတန် စစ်တပ်က နိုင်ငံမြောက်ပိုင်း ခွန်းဒွတ်ဇ်ခရိုင်ထဲမှာ တာလီဘန် ကိုယ်စားလှယ်တွေရဲ့ စုဝေးပွဲကို ပစ်မှတ်ထားပြီး ဧပြီ ၂ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ တာလီဘန် တိုက်ခိုက်ရေးသမားတွေက စစ်ဆင်ရေးအတွက် ပြင်ဆင်ဖို့ ခွန်းဒွတ်ဇ်မြို့ အပြင်ဘက် ဒက်ရှတီ အာရချီ မြို့နယ်မှာ စုဝေးနေချိန် လေကြောင်းတိုက်ခိုက်ခဲ့တယ်၊ လူ ၁၅ ယောက်သေပြီး ၁၀ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရ ရဲအရာရှိတယောက်က ပြောပါတယ်။ အရပ်သား သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ပြောပေမယ့် အသေးစိတ်တော့ မပြောပါဘူး။ လေကြောင်းတိုက်ခိုက်မှုက ဗလီကိုထိမှန်လို့ အရပ်သားတချို့ သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒက်ရှတီ အာရချီ မြို့နယ်ဟာ တာလီဘန် တိုက်ခိုက်ရေးသမားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အများအားဖြင့် တည်ရှိပါတယ်။ တာလီဘန်တွေကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး ပညာရှင်တွေနဲ့ အရပ်သား အယောက် ၁၅၀ သေဆုံးတယ်လို့ ကြေညာချက် ထုတ်ပြန်ပြီး သူတို့တပ်တွေ ရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up