Live
Home
မြန်မာသတင်း
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် မွန်တိုင်းရင်းသားတို့၏ လိုလားချက်များ ဖော်ပြခွင့်ရမည်
DVB
·
April 3, 2018
မွန်တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ သဘောထားဆန္ဒတွေကို မွန်ပြည်သစ်ပါတီ အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ဖော်ပြခွင့်ရရှိတော့မှာ ဖြစ်တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။ ဧပြီလ ၂ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမမှာ  ကျင်းပတဲ့ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး ဦးကျော်တင့်ဆွေက “နိုင်ငံရေးဆွေးနွေးပွဲတွေက ရရှိလာတဲ့ မူဝါဒ အဆိုပြုချက်တွေကို ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နေပြည်တော်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလကုန် မေလဆန်းမှာ ကျင်းပပြုလုပ်ဖို့ အတွက် ၇ ကြိမ်မြောက် JICM အစည်းအဝေးက သဘောတူထားတာပါ။ ဒါကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပြီး မွန်တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ သဘောထားဆန္ဒတွေကို ဖော်ပြခွင့်ရရှိတော့မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့နဲ့ လိုအပ်တာတွေကို ကြီးကြပ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီကိုလည်း ဖွဲ့စည်းပေးထားတယ်လို့  အဆိုပါညှိနှိုင်းအစည်းဝေးက သိရပါတယ်။ “အစိုးရအပေါ် ယုံကြည်နားလည်မှုအပြည့်နဲ့ အန်စီအေမှာ လက်မှတ်ရေးထိုး ပါဝင်လာတဲ့ မွန်ပြည်သစ်ပါတီအတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် အစိုးရအနေနဲ့ ဆောင်ရွက် ပေးဖို့တာဝန်ရှိပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကိုလည်း အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင်တယ်။ ထပ်ပြီးလိုအပ်ချက်တွေရှိခဲ့ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအနေနဲ့ ညှိနှိုင်းဖြည်းဆည်း ဆောင်ရွက် ပေးသွားမှာပါ”လို့ ဦးကျော်တင့်ဆွေက အစည်းအဝေးမှာ ပြောပါတယ်။ ညှိနှိုင်းအစည်းအဝေးကို ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး ဦးလှမောင်ရွှေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသုဝေ၊ ဦးမင်းဇေယျာဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ သတင်း - ယူမင်းစိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024