Home
မြန်မာသတင်း
ကလေးမြို့လမ်းလျှောက်သင်္ကြန်ကို ပုသိမ်ထီးအမိုးများနှင့် အလှဆင်ကျင်းပမည်
DVB
·
April 3, 2018
၂၀၁၈ ခုနှစ် အတာသင်္ကြန်ကို ကလေးမြို့မှာ အရင်နှစ်တွေကနဲ့ မတူတဲ့ ထူးထူးခြားခြား ပုသိမ်ထီးအမိုးတွေနဲ့ အလှဆင်သွားမှာ ဖြစ်တယ်လို့ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီက ဒီဗွီဘီကို ပြောပါတယ်။ “ဒီနှစ် သင်္ကြန်ကို ကလေးမြို့ လမ်းဆုံကနေ မြန်မာ့ရှေ့ဆောင်ဘဏ်အထိ ပေ တစ်ထောင်ခန့် ဧရိယာသတ်မှတ် ကျင်းပသွားမယ်။ အဲ့ဒီမှာ ဧရိယာကို သတ်မှတ်တဲ့အနေနဲ့ ထူးထူးခြားခြား လမ်းလျှောက်သင်္ကြန်ဧရိယာတစ်လျှောက် လမ်းပေါ်တွေမှာ ပုသိမ်ထီးနဲ့ အခြားထီး အလက် ၅၀၀ ကို အလှဆင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်” ကလေးမြို့မှာ လမ်းလျှောက်သင်္ကြန်ကို အခုနှစ်မှာ ပထမဆုံးစတင်ကျင်းပမှာ ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနဲ့ အခြားဌာနတွေပေါင်းပြီး စတုဒီသာကျွေးခြင်းတွေကိုလည်း သင်္ကြန်တွင်းမှာ နေ့စဉ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မူးယစ်သောက်စားသူတွေ၊ သရုပ်ပျက် ဆိုင်ကယ်တွေ၊ ၀တ်စားဆင်ယင်မှုတွေကိုလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်တဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖွဲ့ပြီး ဟန့်တားသွားဖို့ရှိပါတယ်။ “မဏ္ဍပ်တွေ အနေနဲ့တော့ အတိအကျ စာရင်းမရသေးဘူး။ ရပ်ကွက်တွေကို စာရင်း ကောက်ခိုင်းထားပါတယ်။ ခရိုင်စီမံခန့်ခွဲမှုကော်မတီမဏ္ဍပ်ကိုတော့ ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့မှာ တည်ဆောက်မယ်။ ပြီးရင် အဲ့ဒီမှာ သင်္ကြန်အကြိုနေ့ ညနေဖွင့်ပွဲလုပ်မယ်။ ညပိုင်းမှာ ယိမ်းအကအဖွဲ့တွေ အကပြိုင်ပွဲ လုပ်သွားမယ်။ အကြို၊ အကျ၊ အကြတ် နေ့အထိ ညတွေမှာ ပြိုင်မယ်၊ အတက်နေ့မှာတော့ ဆုပေးမယ်” လို့ ဦးညီညီက ပြောပါတယ် ကလေးမြို့မှာ လက်ရှိ ခရိုင်စီမံခန့်ခွဲရေးမဏ္ဍပ်နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး) မဏ္ဍပ်ကိုသာ အတည်ပြုနိုင်သေးပြီး မြို့နယ်စီမံခန့်ခွဲရေးအနေနဲ့ မဏ္ဍပ်မလုပ်တော့ပဲ လမ်းလျှောက်သင်္ကြန်ကိုပဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ကလေးမြို့ရဲ့ အစည်းကားဆုံးထိုမာရွာ သင်္ကြန်အတွက်လည်း ယခင်နှစ်တွေထက် ရဲတပ်ဖွဲ့ လုံခြုံရေးကို ပိုမို ချပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကလေးမြို့နဲ့ ကိုးမိုင်ခန့်ကွာတဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့ ကျောက်တစ်လုံးမှာလဲ ကလေးမြို့သင်္ကြန်တွင်းရက်ပိုင်းအတွင်း နေ့ခင်းနေပူချိန်မှာ လူအများစု အနားယူပျော်ရွှင်ကြ တတ်ပြီး အဲ့ဒီနယ်မြေအတွင်း အန္တရာယ်ကင်းရှင်းရေးကိုလည်း နှစ်စဉ် ခိုင်ကမ်းမြို့ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေကို မြို့နယ် အစီအစဉ်နဲ့ ချပေးထားလေ့ရှိပါတယ်။ လာမယ့် ၂၀၁၈ ခုနှစ် သင်္ကြန်အတွက်တော့ ရဲတပ်ဖွဲ့ လုံခြုံရေး ထားရှိရေး အစည်းအဝေးပြုလုပ်ခြင်း မရှိတာကြောင့် ဆောင်ရွက်မယ့် အခြေအနေ မသိသေးဘူးလို့လည်း ခိုင်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးဦးဝင်းနိုင်က ပြောပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024