ဓာတုပစ္စည်းနှစ်မျိုးအား ထိန်းချုပ်ဓာတုပစ္စည်းများအဖြစ် ထပ်မံသတ်မှတ်
DVB
·
April 3, 2018
ဓာတုပစ္စည်းနှစ်မျိုးဖြစ်တဲ့ ၄- အနီလီနို-အင်-ဖီနိုင်ပိုင်ပါရီဒင်း 4-anilino-N-phenethylpiperidine (ANPP)နဲ့ အင်-ဖီနိုင်သိုင်းလ်-၄-ပိုက်ပါရီဒင်း N-phenethyl-4-piperidine(NPP)တို့ကို ထိန်းချုပ်ဓာတုပစ္စည်းအဖြစ် ဖြည့်စွက် သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
အစိုးရကထုတ်ပြန်ထားတဲ့ ထိန်းချုပ်ဓာတုပစ္စည်းများစာရင်းမှာ အဆိုပါ ဓာတုပစ္စည်းနှစ်မျိုးကို အမှတ်စဉ်(၁၆)နဲ့ အမှတ်စဉ်(၁၇)အဖြစ် ဖြည့်စွက်သတ်မှတ်လိုက်တာပါ။
အဆိုပါ ဓာတုပစ္စည်းတွေဟာ ဘိန်းအနွယ်ဝင် အကိုက်အခဲပျောက်ဆေး ထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုကြားခံပစ္စည်း ဖြစ်ပြီး တခြားဆေးတွေနဲ့တွဲပြီး မေ့ဆေး အနေနဲ့လည်း အသုံးပြုလို့ရတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ)နှင့် ၃ဝ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာ ၁/၂ဝ၁၂ ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများ အမည်စာရင်းကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။