အက်ဖ် - ၇ စစ်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံးဟု တပ်မတော်အတည်ပြု
DVB
·
April 3, 2018
တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေတဲ့ အက်ဖ် - ၇ လေယာဉ်တစ်စီးဟာ ဒီမနက် လေယာဉ်ကွင်းရဲ့ အနောက်ဘက် ၃ မိုင်ခန့်  အကွာ အမြင့်မီတာ ၅၀၀ ခန့်အရောက်မှာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားတယ်လို့ တပ်မတော် က အတည်ပြု သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လေယာဉ်ပျက်ကျရာနေရာကို တောင်ငူလေတပ်စခန်းဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနဲ့ မြောက်ရေကြည်ရွာကြားမှာ ပျက်ကျပျက်စီးသွားတဲ့ လေယာဉ်ကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းဟာ အရေးပေါ်လေထီးနဲ့ ခုန်ထွက်ခဲ့ပေမယ့် ရရှိတဲ့ ဒဏ်ရာတွေ ကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့တယ်လို့လည်း တပ်မတော်သတင်းမှာဖော်ပြပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး တပ်မတော်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းစိစစ်နေတယ်လို့ သိရပါတယ်။