တက္ကစီပေါ် အလေးသွားသည့် တရုတ်အမျိုးသမီးနှင့် ကားသမားပြဿနာ ထိုင်းရဲ မဖြေရှင်းနိုင်

အမည်မသိ တရုတ်အမျိုးသမီးတဦး ဘန်ကောက်တက္ကစီတစီးပေါ်မှာ မတ် ၂၈ ရက်နေ့က အလေးသွားခဲ့ပြီး သန့်ရှင်းရေးခ ပေးဆောင်ဖို့ ငြင်းဆန်ခဲ့လို့ ကားမောင်းသူနဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့ကာ ရဲကို လှမ်းတိုင်တဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် တရုတ်ခရီးသွား အမျိုးသမီးဟာ တာမီနယ် ၂၁ ဈေးဝယ်ကုန်တိုက်ကြီးရဲ့ အပြင်ဘက်ကနေ ကားငှားစီးလာပြီး စူရာဝက်ဆိုတဲ့ တက္ကစီအငှားကားမောင်းသမားကို ရက်ချာဒါပီဆက် လမ်းသွယ် ၇ ကို ပို့ပေးဖို့ ပြောခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ကားမောင်းနေတုန်း အမျိုးသမီးက သန့်စင်ခန်း သွားချင်တယ်လို့ ပြောပေမယ့် သွားလက်စ အာစိုကီမွန်ထရီ လမ်းမကြီးက ကားလမ်းအရမ်းပိတ်လို့ ကားသမားအနေနဲ့ သန့်စင်ခန်းရှိရာ ဓာတ်ဆီဆိုင်ကို ပြန်လှည့်မောင်းဖို့ အဆင်မပြေခဲ့လို့ အလေးတွေ သွားချလိုက်တာပါ။ အဲဒီအချိန်မှာ ကားသမားက ကားကို လမ်းဘေးမောင်းချပြီး ညစ်ပတ်နေတာတွေ သန့်ရှင်းရေးလုပ်ဖို့ သူမကို ကုန်ကျစရိတ် တောင်းခဲ့ပေမယ့် သူမက ပိုက်ဆံပေးဖို့ ငြင်းဆန်ပြီး သူမ သွားချင်တဲ့နေရာကိုသာ လိုက်ပို့ပေးဖို့ တောက်လျှောက်တောင်းဆိုရာကနေ အငြင်းပွားမှု ဖြစ်ခဲ့ပြီး ကားသမားက ရဲကို လှမ်းခေါ်ခဲ့တာပါ။ ဒါပေမယ့် ရဲတွေက ကားထဲ အလေးသွားတာနဲ့ပတ်သက်ပြီး အရေးယူဖို့ ဥပဒေမရှိလို့ သူတို့လည်း ဘာမှမလုပ်နိုင်ဘူးလို့ ပြောကြားခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။ ကားသမား စူရာဝက်က “ကျနော် ကားမောင်းစားလာတာ ၁၄ နှစ်ရှိပြီ။ များသောအားဖြင့် တက္ကစီတွေက ခရီးသည်တွေကို မတင်လို့ဆိုပြီး လူတွေက တိုင်တန်းတယ်။ ဒါပေမယ့် ကျနော်တို့ ကားသမားတွေက ဒီလိုပြဿနာမျိုးတွေနဲ့လည်း ရင်ဆိုင်ရတယ်ဆိုတာ ခင်ဗျားတို့ မြင်ပြီလား” လို့ ပြောကြောင်း ပတ္တာယားဝမ်းသတင်းမှာ ဧပြီ ၁ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up