တောင်ငူမြို့နယ်တွင် တပ်မတော်စစ်လေယာဉ် ၁ စီးပျက်ကျ
DVB
·
April 3, 2018
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအနီး တပ်မတော် စစ်လေယာဉ် Myanmar Air Force Chengdu F-7M တစီး ဒီကနေ့မနက်က ပျက်ကျသွားပါတယ်။
တောင်ငူမြို့နယ်ကျွန်းကုန်းနယ်မြေမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က တောင်ငူလေတပ်စခန်က အမောင်းသင်လေယာဉ်တစီးလေ့ကျင့်ပျံသန်းရင်း ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
လေယာဉ်ပျက်ကျရာနေရာကို ရောက်နေတဲ့ ကျွန်းချောင်း ရဲစခန်းမှူး ဒုရဲအုပ် တိုးဝေကျော်က“လေ့ကျင့်ရေး လေယာဉ်ပါ။ တယောက်ပဲပါတယ်။ အခုတော့ ဆေးရုံပို့ထားပါတယ်။ အခြေအနေတော့မသိရပါဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်ကလည်း ဗိုလ်မှူးကောင်းထိုက်နဲ့ ဗိုလ်ကြီးသော်ဇင်စိုးတို့ လိုက်ပါခဲ့တဲ့ တပ်မတော် G – 4 ဂျက်လေယာဉ်ဟာ ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျပျောက်ဆုံးသွားပြီး ရခိုင်ပြည်နယ် ဂွမြို့နဲ့ ၁၂ မိုင်အကွာ တောင် ၂ လုံးကြားမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
၂၀၁၆ မတ်လ ၇ ရက်ကလည်း တပ်မတော်လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းလေ့ကျင့်ခန်း ဆောင်ရွက်ဖို့ တောင်ငူလေတပ်စခန်းဌာနချုပ်ကနေ နေပြည်တော်ကို ပြောင်းရွှေ့ရာမှာ လေယာဉ်တစီး ပြေးလမ်းမီးတိုင်တွေကို တိုက်မိပြီး ရပ်တန့်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ - သားကြီး (တောင်ငူ)