Home
မြန်မာသတင်း
တပ်မတော်နှင့် ဆွေးနွေးပွဲပျက်သွားသည့်ကိစ္စ ကေအန်ယူ သဘောထားထုတ်ပြန်
နော်နိုရင်း
·
April 3, 2018
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ကေအန်ယူအကြား စစ်ရေး တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့် အစည်းအဝေးပွဲပျက်သွားတဲ့ကိစ္စ ကေအန်ယူက သဘောထား ထုတ်ပြန်လိုက်ပါတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ ကေအန်ယူအနေနဲ့ စစ်ဘက်ရေးရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ (MANT) ကို ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့မှာ တပ်မဟာ ၅ တပ်မှူး မပါဝင်ခဲ့တာကြောင့် အဲဒီတွေ့ဆုံပွဲမှာ မသွားခဲ့တာလို့ ထုတ်ပြန်ပါတယ်။ နှစ်ဖက်ရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (MANT) ဟာ ကေအန်ယူ တပ်မဟာ ၇ ခုလုံးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းဖို့ ဗဟိုဌာနချုပ်က တာဝန်ပေးအပ်ခြင်းခံရတဲ့အဖွဲ့ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ လတ်လော ဖာပွန်ဒေသမှာ တပ်မတော်ဘက်က လမ်းဖောက်လုပ်ဖို့အတွက် တပ်ရင်းသစ်တွေ စေလွှတ်မှုနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေ အပါအဝင်  နှစ်ဖက်ညှိနှိုင်းဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေကိုလည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဆက်လက်ညှိနှိုင်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကေအန်ယူအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်း အကောင်အထည်ဖော်မှုတွေ၊ လိုအပ်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို တပ်မတော်နဲ့ ညှိနှိုင်းဆွေးနွေးဖို့  စစ်ဘက်ရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (MANT) ကို ၂၀၁၆ ခုကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC – U) အစည်းအဝေး ဆုံးဖြတ်ချက်အရ ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ကေအန်ယူအကြား စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး ကျောက်ကြီးမြို့မှာ နှစ်ဖက်တပ်တွေ မတ်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစည်းအဝေးမှာ ကေအန်ယူတပ်မဟာ ၅ တပ်မှူး မတက်ရောက်လို့ ဆိုပြီး တပ်မတော်ဘက်က အစည်းအဝေးကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ Photo ; KNU
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024