Home
မြန်မာသတင်း
ကနီမြို့နယ်တွင် လူ ၁၀၀ ကျော် အစာအဆိပ်သင့်
Aung Ko Latt
·
April 2, 2018
  စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဌောရှေ့ကျေးရွာမှာ လူ ၇၀ ကျော် အစာအဆိပ်သင့်ပြီး မူးဝေအော့အန်ဖြစ်လို့ ကနီပြည်သူ့ဆေးရုံနဲ့ မုဌော အလယ်တန်းကျောင်းမှာ ယာယီဆေးခန်းဖွင့်လှစ် ဆေးကုသမှုပေးနေရပါတယ်။ အစာအဆိပ်သင့်တဲ့ ရွာသားတွေကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဝင်းဇော်ခိုင်က "ဖြစ်တာက မနက် ၁၀ နာရီကျော်၊ ၁၁ နာရီလောက်မှာပေါ့။ ဒီမှာက အလှူလည်းရှိတယ်။ အလှူက ငါးခြောက်ထိုး၊ ပဲကြော်၊ အစိမ်းကြော်၊ ပဲပင်ပေါက်ချဉ်၊ ငရုပ်သီးကြော်တွေကျွေးတာ။ ဒီကလူတွေကတော့ အဲဒီထဲက တစ်ခုခုကြောင့်လို့ထင်တယ်။ ဘာကြောင့်လို့တော့ တိတိကျကျမသိရသေးဘူး။ ဖြစ်စဉ်ကတော့ မူးဝေအော့အန်ကြတာပဲ။ မူးလဲတာ၊ သေတာလို ဆိုးဆိုးဝါးဝါးတော့ မရှိဘူး။ လောလောဆယ် ကနီဆေးရုံမှာကော ဆေးကုသပေးနေတယ်။ အဲဒီမှာလည်း မဆံ့လို့ ရွာကျောင်းမှာ ယာယီဆေးခန်းဖွင့်ပြီး ကုသပေးနေတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ လက်ရှိအနေအထားအရ ဆေးကုသမှုခံယူဖို့ ရွာသားတွေအဆက်မပြတ်လာနေကြပြီး ကျန်းမာရေးဝန်ထမ်းတွေကလည်း အစွမ်းကုန်ကုသပေးနေတယ်လို့ဆိုပါတယ်။ အခုလို လူ အများအပြား အစာအဆိပ်သင့်တာက ကနီမြို့နယ်မှာ ဒီနှစ်အတွင်း ပထမဆုံး အကြိမ်လည်းဖြစ်ပါတယ်။ ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “လိုက်ပြီးတော့ ကြည့်ရှုပြီး လိုအပ်တာတွေလုပ်ပေးနေတယ်။ လောလောဆယ်တော့ နေရာ ၃ နေရာခွဲပြီး ကုသပေးနေတယ်။ မူးတာ၊ အန်တာ၊ တချို့က ဝမ်းလျှောတာတွေလည်းရှိတယ်။ ဆေးကုတော့ လာတုန်းပဲ။ အားလုံး ၁၀၀ ကျော်ပြီ။ သူတို့ပြောပုံအရတော့ အစိမ်းကြော်စားတဲ့သူပဲဖြစ်တယ်။ မစားတဲ့သူမဖြစ်ဘူး။ လောလောဆယ်မှာ ဆေးဝါးလုံလောက်မှုရှိတယ်။ ရေသန့်ဘူးကတော့ ကနီမှာလည်း ပြတ်သလောက်ဖြစ်သွားပြီ"လို့ ပြောပါတယ်။ အလှူမှာကျွေးတဲ့ အစိမ်းကြော်မှာ ထူးခြားတာဆိုလို့ ခရုဆီ ထည့်ကြော်တာတော့ရှိတယ်လို့  အိုးသူကြီးဖြစ်သူ ဦးစံဝင်းကလည်း ပြောပါတယ်။ "ပွဲတိုင်းလိုက်ချက်နေတာ တခါမှ အဲလိုမဖြစ်ဖူးဘူး။ အခုကလည်း အစိမ်းကြော်က မုန်လာပွင့်၊ မုန်လာရွက်၊ ဂေါ်ဖီထုပ်၊ ခါကျက်ဥတို့ပဲပါတယ်။ သူတို့ကလည်း ဆေးပြီးသားဆိုလို့ သူတို့ပို့တဲ့အတိုင်းပဲကြော်တယ်။ အဲဒီမှာ တစ်ခါမှ မထည့်ဖူးတဲ့ ခရုဆီထည့်တာတော့ရှိတယ်။" ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်မာရေးဌာန တာဝန်ရှိသူတွေနဲ့ တိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီးကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ လောလောဆယ်မှာ ကိုယ်ခံအားကောင်းတဲ့ ရွာသားအချို့ကတော့ ဆေးကုသမှုခံယူပြီး ပြန်ကောင်းလာနေပြီလို့သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024