ကုလလက်ထောက်အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံ လာမည်
ပိုင်စိုး
·
April 2, 2018
ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုရေးရာ လက်ထောက် အထွေထွေအတွင်းရေးမှူး အာရ်ဆူလာမြူလာဟာ ဧပြီလ ၂ ရက် ဒီနေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ UNOCHA ရုံးက သတင်းထုတ်ပြန်ပါတယ်။
သူဟာ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးတာဝန်ယူထားသူလည်း ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘေးဒုက္ခတွေ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်တဲ့ အခြေအနေတွေကို ကိုယ်တိုင် တွေ့မြင်သိရှိနိုင်ဖို့ လာရောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကူအညီပေးရေး လုပ်ငန်းတွေမှာ မိတ်ဖက်အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံပြီး တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းတွေကို တိုးတက်စေမယ့် နည်းလမ်းတွေ ဆွေးနွေးမယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။
သူ့ရဲ့ ခရီးစဉ်အတွင်းမှာ ရန်ကုန်နဲ့ နေပြည်တော်မှာ အစည်းအဝေးတွေ ပြုလုပ်မှာ ဖြစ်ပြီး ကချင်နဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတိမ်းရှောင်သူတွေရဲ့ စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။
အာရ်ဆူလာမြူလာဟာ မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးရင် အာဆီယံနဲ့ ကုလသမဂ္ဂ ဒေသတွင်း နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ဖို့နဲ့ အင်ဒိုနီးရှား အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် အင်ဒိုနီးရှားကို ဆက်လက် သွားရောက်ဖို့ အစီအစဉ်ရှိပါတယ်။
ဓာတ်ပုံ-UNOCHA