Home
မြန်မာသတင်း
Hot Eyes Photography Group ပထမဆုံး ဓာတ်ပုံပြပွဲ ကျင်းပ
ထွန်းထွန်းသိန်း
·
April 1, 2018
  ဓာတ်ပုံဆရာ ဦးကြီးမြင့် (စက်မှု) ရဲ့ Hot Eyes Photography Group သင်တန်းသားတွေရဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ် ဓာတ်ပုံပြပွဲကို မတ် ၃၁ ရက်နေ့ကစပြီး ရန်ကုန်မြို့ ပန်သူရိယပြခန်းမှာ ဧပြီ ၆ ရက်နေ့ထိ ကျင်းပနေပါတယ်။ ဒီဓာတ်ပုံပြပွဲဟာ Hot Eyes Photography ရဲ့ပထမဆုံးဓာတ်ပုံပြပွဲဖြစ်ပြီး သင်တန်းသား ၃၀ ကျော်ရဲ့ မြန်မာ့အလှ၊ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ ဓာတ်ပုံပေါင်း ၆၆ ပုံကို ပြသရောင်းချနေတာပါ။ ဒီပြပွဲမှာ ထူးခြားချက်ကတော့ လူငယ်ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေကို အဓိက ပြသရောင်းချနေတာပါ။ အဓိကကတော့ ဓာတ်ပုံတပုံရဲ့ အနှစ်သာရကို လူငယ်တွေ ခံစားတတ်အောင် လက်ဆင့်ကမ်းပေးတဲ့အနေနဲ့ ဒီပွဲကို ပြုလုပ်တာဖြစ်တယ်လို့ ဦးကြီးမြင့် (စက်မှု) က ပြောပါတယ်။ Hot Eyes Photography Group ကို တည်ထောင်ထားသူ ဦးကြီးမြင့်ဟာ ဓာတ်ပုံဝါသနာရှင် လူငယ်တွေအတွက် ပြင်သစ်ယဉ်ကျေးမှုဌာနအပါအဝင် ပြင်ပမှာပါ အခမဲ့သင်တန်းတွေ ပြုလုပ်ခဲ့တာ ဆယ်နှစ်ကျော်ကြာပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖန်တီးရာအဖွဲ့နဲ့ ဓာတ်ပုံသင်တန်းတွေကို ဆက်လက်ပြုလုပ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024