Home
မြန်မာသတင်း
ပြေးဆွဲနေဆဲ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်များကို လိုက်စစ်မည်
DVB
·
April 1, 2018
၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်တွေကို ဧပြီ ၁ ရက်နေ့ကစပြီး ဆွဲလို့မရအောင် စည်းကမ်းထိန်းသိမ်းရေးက လိုက်စစ်မယ်လို့ ရန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ အနှစ် ၂၀ သက်တမ်းရှိ YBS ယာဉ်အဟောင်းတွေကို မတ် ၃၁ ရက်နေ့အထိ နောက်ဆုံးထား စာရင်းသွင်းဖို့နဲ့ စာရင်းမသွင်းတဲ့ ယာဉ်တချို့ကို ဧပြီ ၁ ရက်နေ့ကစပြီး ဓာတ်ငွေ့ဖြတ်တောက်လိုက်မယ်လို့ ဆိုပါတယ်။ “CNG တို့ ဘာတို့ ပိတ်လိုက်ရင် ဆွဲစရာမှ မရှိတာနော်။ လုပ်တာက လွယ်လွယ်လေးပဲ။ ကျနော်တို့ အခုဆိုရင် စည်းကမ်းထိန်းသိမ်းရေးကိုလည်း ပြောထားပြီးသား ဘယ်နှစီးဆိုတာ။ မနေ့က နောက်ဆုံးပဲလေ။ ဒီနေ့ဆိုရင်စပြီး စည်းကမ်းထိန်းသိမ်းရေးပိုင်းက လိုက်ကြည့်မှာပေါ့နော်” လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။ ၁၉၉၈ ခုနှစ် မော်ဒယ်အောက် YBS ယာဉ်အနည်းငယ်လောက်ပဲရှိပြီး အရည်ကြိုအပ်တဲ့ယာဉ်တွေကို လူစီးစလစ်ပြန်ပေးတာလို့ ဆိုပါတယ်။ တချို့ယာဉ်တွေအနေနဲ့ အရည်ကြိုအပ်နှံတာမရှိသေးတာကြောင့် သတင်းထုတ်ပြန်ထားတာဖြစ်ပြီး သတ်မှတ်ရက်အတွင်း အရည်ကြိုမအပ်တဲ့ယာဉ်တွေကို လူစီးစလစ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အရည်ကြိုအပ်နှံတဲ့ ယာဉ်တွေနေရာမှာ ယာဉ်အသစ်တွေနဲ့ အစားထိုးပြေးဆွဲမယ်လို့ ဒေါက်တာမောင်အောင်က ပြောဆိုထားပါတယ်။ အဲဒီကားအဟောင်းတွေနေရာမှာ ကားအသစ်တွေ အစားထိုးဖို့နဲ့ပတ်သက်ပြီး YRTA ရဲ့ ခွင့်ပြုချက်ရမှ အစားထိုးပြေးဆွဲခွင့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ကားဟောင်းတွေနေရာမှာ ကားအသစ်တွေထည့်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီး YUPT ကုမ္ပဏီ၊ Omni Focus ကုမ္ပဏီနဲ့ လူထုမိတ်ဆွေ ကုမ္ပဏီတွေမှာ ယာဉ်အသစ်တွေ ကျန်နေသေးတယ်လို့ YUPTကုမ္ပဏီရဲ့ စီအီးအို ဦးမောင်မောင်လွင်က ဒီဗွီဘီကိုပြောပါတယ်။ “ကားလည်းမရှိတော့ပါဘူး။ နည်းနည်းပဲ ကျန်တော့တယ်လေ။ အပ်ပြီးကုန်ပြီ။ ဦးတို့ဆိုရင် ၁၀၂ စီးရှိတာ။ အဲဒီ ၉၆၊ ၉၇ ဆိုရင် တစီးမှမကျန်တော့ဘူး အပ်ပြီးသွားပြီး။ တချို့လိုင်တွေမှာပဲ ကျန်တော့တယ်။” ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ် မော်ဒယ်အမျိုးအစား YBS ယာဉ်တွေကို ၂၀၁၇ ခုနှစ် စက်တင်ဘာလလောက်ကတည်းက ပြန်အပ်ဖို့ YRTA က အကြောင်းကြားထားတာလို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ YBS ယာဉ်ပေါင်း ၅ ထောင်ကျော်အထိ ရှိနေပြီး ကုမ္ပဏီပေါင်း ၂၀ ကျော်ကနေ ပြေးဆွဲနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024