မြန်မာ့သနပ်ခါးပွဲတော်နှင့် သနပ်ခါးပျိုမေပြိုင်ပွဲ ကျင်းပ
DVB
·
April 1, 2018
မြန်မာ့ သနပ်ခါးပွဲတော်နှင့် သနပ်ခါးပျိုမေပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မတ် ၃ဝ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မဟာသကျ မာရဇိန် ကျောက်တော်ကြီးဘုရား မုခ်ဦးရှေ့မှာ ကျင်းပခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီနှင့် မြန်မာ့သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပတာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ရေစကြိုမြို့နယ် ရှင်မတောင်၊ မြိုင်၊ ပခုက္ကူ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ ရွှေဘို၊ အရာတော်မြို့နယ် စတဲ့ဒေသတွေမှာ သနပ်ခါး ထွက်ရှိပါတယ်။
ဒီပွဲမှာ ဒေါ်သီသနပ်ခါး၊ ရွှေပြည်နန်းသနပ်ခါး၊ ရွှေဘိုမင်းသမီးသနပ်ခါး၊ မြန်မာ့ဆေးဝါးနဲ့ အိမ်သုံးပစ္စည်းလုပ်ငန်းမှထုတ်လုပ်တဲ့ စပီရိုလိုင်းနားဆေးသနပ်ခါးထုတ်ကုန် ပစ္စည်းတွေကိုလည်း ရောင်းချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့သနပ်ခါးအရောင်းပြပွဲနဲ့အတူ သနပ်ခါး အသွေးပြိုင်ပွဲ၊ အလိမ်းပြိုင်ပွဲတွေ ထည့်သွင်းကျင်းပ သွားမှာဖြစ်ပြီး ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း၊ တတိယဆုကျပ်တစ်သိန်းနဲ့ နှစ်သိမ့် ဆုတွေချီးမြှင့်မည်ဖြစ်ရာ ပါဝင်ဆင်နွှဲသူတွေ၊ လေ့လာသူတွေနဲ့ စည်ကားလျက်ရှိပြီး မတ် ၃၁ ရက်အထိ သင်္ကြန်ယိမ်းအက အဖွဲ့တွေနဲ့ ကျင်းပခဲ့ကြောင်း သိရပါတယ်။