မီးလောင် မင်္ဂလာဈေး ပြန်တည်ဆောက်ရန် အကြို အင်ဂျင်နီယာလုပ်ငန်းများ စတင်
ပိုင်စိုး
·
April 1, 2018
မီးလောင်ပျက်စီးခဲ့တဲ့ ရန်ကုန်မြို့က မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ဖို့ အကြိုအင်ဂျင်နီယာ လုပ်ငန်းတွေကို ဒီနေ့ ဧပြီ ၁ ရက် စတင်မယ်လို့ ဆောက်ခွင့်ရတဲ့ ကုမ္ပဏီက ကြေညာထားပါတယ်။
မင်္ဂလာဈေးဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ဒုတိယအကြိမ် မီးလောင်ခဲ့ပြီး ၂ နှစ်ကျော် အကြာမှာ ပြန်လည်တည်ဆောက်ဖို့ စတင်လာတာ ဖြစ်ပါတယ်။
ဈေးတည်ဆောက်ရေး ညှိနှိုင်း အဆင်မပြေတာ၊ ကြန့်ကြာတာတွေကြောင့် ဈေးသူဈေးသားတွေက အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုခဲ့ပါသေးတယ်။
မင်္ဂလာတောင်ညွန့်လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “ဒီနေ့ပဲ လုပ်ငန်းတွေ စတယ်လို့ ပြောနိုင်ပါတယ်။ ရေတွေ စုပ်ထုတ်ရမယ်။ ခြံကာရမယ်။ ဒါတွေ အရင် လုပ်ရပါမယ်။ ပန္နက်ရိုက်ဖို့ကတော့ နေ့ကောင်းရက်သာရွေးပြီးမှ လုပ်မယ်လို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။
အခု ဈေးသစ်ပြန်ဆောက်ဖို့အတွက် ဆန်းမြတ်ထွန်းကုမ္ပဏီက တင်ဒါအောင်မြင်ထားပြီး ၁၅ ထပ် အမြင့်ထိ တည်ဆောက်မှာပါ။
အရင်ဈေးနေရာ အပြင် အနားမှာ ရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဘဏ်နေရာကိုပါ တိုးချဲ့တည်ဆောက်မှာ ဖြစ်လို့ မကြာသေးခင်ကပဲ ဘဏ်ကို ဖြိုဖျက်ထားပြီ ဖြစ်ပါတယ်။
ဈေးသစ်တည်ဆောက်ရေးအတွက် ၂ နှစ်လောက်ကြာမှာ ဖြစ်ပြီး ကျပ်သိန်းပေါင်း ၆၈၀၀ လောက်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။