ကိုရီးယားလေယာဉ်ပေါ် အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာ ၁ ဦး သေဆုံး
DVB
·
March 31, 2018
ကိုရီးယားလေကြောင်းလိုင်းနဲ့ လိုက်ပါလာသူ အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာတယောက် လေယာဉ်ပေါ်မှာပဲ သေဆုံးပြီး ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
မနေ့ည ၁၀ နာရီ အချိန်မှာ ကိုရီးယားနိုင်ငံ၊ အင်ချွန်း လေဆိပ်ကနေ ရန်ကုန်လေဆိပ်ကို ကိုရီးယားလေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ အမေရိကန်နိုင်ငံသား ခံယူထားသူ အသက် ၄၈ နှစ်အရွယ် ဦးထွန်းသန်းဟာ လေယာဉ်ပေါ်မှာပဲ သေဆုံးရောက်ရှိလာပြီး သူနဲ့အတူ အသက် ၄၀ အရွယ် ဇနီး မအိအိအေးလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ဦးထွန်းသန်းဟာ အသည်းကင်ဆာ ရောဂါဝေဒနာ ခံစားနေရသူဖြစ်ပြီး လေယာဉ်ပျံသန်းနေတုန်း နှလုံးခုန်ရပ်တန့်သေဆုံးတာလို့ လေဆိပ်တာဝန်ကျ ဆရာဝန် ဒေါက်တာ ပြည့်အောင်ကို က ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့လည်း ပြည်ထဲရေးက ဖော်ပြထားပါတယ်။