Home
မြန်မာသတင်း
ဝက်မှေးရွာဟောင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုကိစ္စ အစိုးရတာဝန်ရှိသူများ ရှင်းလင်း
Aung Ko Latt
·
March 31, 2018
  မတ်လ ၂၉ ရက်နေ့ ဝက်မှေးရွာဟောင်းက နေအိမ် ၇ လုံးပြောင်းရွှေ့ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ဒေသခံအချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဒေသခံခေါင်းဆောင်အမျိုးသမီး ၂ ဦး ဖမ်းဆီးခံထားရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၃၁ ရက်နေ့မနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေဦးဆောင်ပြီး ဒေသခံတွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က “အချင်းချင်းပြေလည်သွားရင် အစိုးရက ဝင်စရာအကြောင်းမရှိဘူး။ မပြေလည်လို့ ရောက်လာတာ။ ရဲတပ်ဖွဲ့ရော အစိုးရရောက ပြည်သူလူထုကို ဥပဒေနဲ့အညီ အကာကွယ်ပေးရတယ်။ ဒါ ဗမာပြည် (မြန်မာပြည်)တင်မဟုတ်ဘူး။ ဘယ်တိုင်းပြည်နေနေ လုပ်ရမယ့်အလုပ်။ ဒါကြောင့် ကျနော်အတတ်နိုင်ဆုံးပြောပါတယ်။ သူတို့အနေနဲ့ ဘယ်နည်းနဲ့ဖြစ်ဖြစ် အဝင်မခံနိုင်ဘူး။ ဒါဆို တဖက်က ညှိမရတော့ဘူး။ အဲဒါဆိုရင် တဖက်ကရွှေ့ပြောင်းမယ့် သူတွေကို ရဲတပ်ဖွဲ့အရပ်ဝတ်နဲ့ ထမ်းသယ်ပေးပါ့မယ်ပြောတယ်။ ထိပ်တိုက်မတွေ့ချင်ဘူး။ ရဲတပ်ဖွဲ့ရဲ့သဘောထားက ပြောင်းရွှေ့မယ်သူတွေကို အဲလိုထုတ်ပေးရင် ရမလားမေးတော့ သူတို့ကလည်း မြန်မာနိုင်ငံအတွင်းမှာ ကိုယ့်အိမ်ကိုယ် အများပိုင်လမ်းကနေ ကိုယ့်အိမ်ရှေ့မှ ဝင်ခွင့်မရှိတဲ့ နိုင်ငံသားဖြစ်ရမလား သေရော။ အစိုးရက ဘာလုပ်ပေးမလဲ။ ဘယ်လိုအကာအကွယ် ပေးမလဲ။ အစိုးရမရှိတော့ဘူးလား။ အဲဒီတော့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကလည်း သူ့အိမ်သူ့လမ်းအတိုင်းဝင်တာကို အကာကွယ်ပေးရမှာ အစိုးရရဲ့တာဝန်ပဲ” လို ပြောပါတယ်။ အစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စည်ပင်ဝန်ကြီး၊ လယ်/ဆည်ဝန်ကြီး၊ လုံ/နယ်ဝန်ကြီးတို့တက်ရောက် ရှင်းလင်းခဲ့တာပါ။ ဒီရှင်းလင်းပွဲမှာ ရွှေ့ပြောင်းနေအိမ်က ရွာသားတွေကို ဖိတ်ကြားခဲ့ပေမယ့် ကျန်တဲ့ ရွာသားတွေကိုတော့ ဖိတ်ကြားတာမရှိခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဒီသတင်းစာရှင်းလင်းပွဲက မျှတမှုမရှိဘူးလို့ ဆိုပါတယ်။ ဝက်မှေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရသာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိတရားစွဲဆို ဖမ်းဆီးခံထားရတဲ့ မသွဲ့သွဲ့ဝင်းနှင့် မစန်းလှ တို့ ၂ဦးကို အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ဖြေလျော့မပေးနိုင်တော့ဘူးလားလို့ ဆားလင်းကြီး တိုင်း ၂ လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က မေးမြန်းရာမှာတော့ တိုင်းရဲတပ်ဖွဲ့မှုးက ဒါထက်ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့တရားစွဲလို့ ရပေမယ့် သက်သာတဲ့ ဥပဒေနဲ့စွဲတာဖြစ်ကြောင်း၊ ပြည်သူအချင်းချင်းဖြစ်တာမဟုတ်ဘဲ ဝန်ထမ်းနဲ့ဖြစ်တာဖြစ်လို့ မရကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ မသွဲ့သွဲ့ဝင်း၊ မစန်းလှတို့ကို ဆားလင်းကြီးမြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး မဖြူဖြူဝင်းကိုတော့ ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ သူတို့ ၃ ဦးစလုံးကိုတော့ ဆားလင်းကြီးမြို့မရဲစခန်း (ပ) ၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၄၂/၃၃၃ နဲ့အမှုဖွင့်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024