Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ မူးယစ်တားဆီးနှိမ်နင်းရေး သတင်းဖလှယ်ပွဲ ကျင်းပ
DVB
·
March 31, 2018
  ၆၅ ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အောက်ခြေအဆင့်အရာရှိများ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး သတင်းဖလှယ်ပွဲကို မတ် ၃၀ ရက်နေ့မှာ တမူးမြို့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီသတင်းဖလှယ်ပွဲကို မြန်မာဘက်က တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မောင်မောင်သော်နဲ့ မူးယစ်တပ်ဖွဲ့စု (၇) က ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်သောင်းတို့ ဦးဆောင်တဲ့ အရာရှိတွေ တက်ရောက်ကြပါတယ်။ အိန္ဒိယဘက်ကတော့ မိုရေး ရဲတပ်ဖွဲ့ CPF က အကြီးအကဲ ၂ ယောက် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ နှစ်နိုင်ငံနယ်စပ်တလျောက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးကာ အချက်အလက်တွေ ဖလှယ်ခဲ့ကြပါတယ်။ နှစ်နိုင်ငံ နယ်စပ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်မှ ဒီဇင်ဘာအထိ မူးယစ်အမှုပေါင်း ၆၁ မှုမှာ တရားခံ ၈၅ ယောက် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၈ ဇန်န၀ါရီလကနေ ဒီကနေ့အထိ အမှုပေါင်း ၂၅ မှုမှာ တရားခံ ၃၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖမ်းဆီးရမိတဲ့ တရားခံတွေထဲမှာ အိန္ဒိယနိုင်ငံသား ၇ ယောက် ပါဝင်ပါတယ်။ တရားခံတွေကို စစ်ကြော မေးမြန်းချက်တွေအရ မူးယစ်ဆေးဝါးတွေနဲ့ ပရီကာဆာတွေဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အင်းကျောက်ရွာ၊ မောချမ်းရွာနဲ့ မိုးရေးမြို့တို့က ဝယ်ယူလာခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရတာကြောင့် အိန္ဒိယဘက်မှ အလေးထား တားဆီးပေးဖို့လည်း မြန်မာဘက်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024