Home
မြန်မာသတင်း
မုံရွာမြို့တွင် မီးလောင်မှုဖြစ်ပွား၊ လူ ၇၀ ကျော် မီးဘေးဒုက္ခ ကြုံတွေ့နေရ
Aung Ko Latt
·
March 30, 2018
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ တမာတန်းမီးပွိုင့်အနီးမှာ ဒီကနေ့မနက် ၉ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ လူနေအိမ် ၁၁ လုံး မီးထဲ ပါသွားပြီး လူ ၇၀ ကျော် မီးဘေး ဒုက္ခကြုံတွေ့ခဲ့ရပါတယ်။ ဒေါ်မြင့်မြင့်သန်း ဆိုသူရဲ့ နေအိမ်ကနေ တီဗွီပလပ်ခုံအပူလွန်ကဲရာက ထရံကို မီးကူးစက်ကာ အနီးပတ်ဝန်းကျင်က လူနေအိမ် ၁၀ လုံးကိုလည်း မီးကူးစက် လောင်ကျွမ်းခဲ့လို့ စုစုပေါင်း နေအိမ် ၁၁ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူနေအိမ် ၁၁လုံး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၂၇ သိန်းနီးပါး ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၂၁ စု၊ လူဦးရေ စုစုပေါင်း ၇၁ ဦး မီးဘေးဒုက္ခရောက်ခဲ့ရတယ်လို့ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်ကား ၂၁ စီး၊ ရေသယ်ယာဉ် ၉ စီးနဲ့ မီးသတ်၊ ရဲ ၊ တပ်မတော်နဲ့ ရဟန်းရှင်လူ ပြည်သူ ၃၀၀ လောက်က နာရီဝက်ခန့်အကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ တိုင်းမီးသတ်ဦးစီးမှူး၊ တိုင်းလူကယ်ပြန်၊ တိုင်းရဲတပ်ဖွဲ့မှူးနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ဒေါ်မြင့်မြင့်သန်းကိုတော့ မုံရွာမြို့မရဲစခန်းမှာ လျှပ်စစ်မီးပေါ့ဆစွာသုံးစွဲမှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားပါတယ်။ မုံရွာမြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလက ၄ ကြိမ်၊ ဖေဖော်ဝါရီလမှာ ၅ ကြိမ်၊ မတ်လမှာ ၈ ကြိမ် စုစုပေါင်း ၁၇ ကြိမ် မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်မှုတွေထဲမှာ အခုတစ်ကြိမ်လောင်ကျွမ်းတာက ဆုံးရှုံးမှုတန်ဖိုး အများဆုံး ဖြစ်တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024