A d v e r t i s e m e n t With Us

အကျင့်​ပျက်ခြစား​မှုများ​နှင့်​ မညီမျှမှုများ​ကို တိုက်ဖျက်ရန် ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း

မြန်မာပြည်မှာ အကျင့်​ပျက်ခြစား​မှု​တွေနဲ့​ မညီမျှမှု​တွေကို တိုက်ဖျက်ရမယ်လို့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ဘန်​ကောက်မှာ ကျင်း​ပတဲ့​ နိုင်ငံတကာ စီး​ပွား​ရေး​ဖိုရမ် မိန့်​ခွန်း​မှာ ​ပြောကြား​သွား​ပါတယ်။ လက်ရှိ မြန်မာပြည်ရဲ့​ ပြုပြင်​ပြောင်း​လဲမှု ​တွေမှာလည်း​ လူတစုကိုပဲ အကျိုး​ရှိတာမျိုး​မဟုတ်ဘဲ တိုင်း​ရင်း​သား​ပြည်သူ​တွေ အား​လုံး​အတွက် အကျိုး​ရှိတာမျိုး​ဖြစ်ဖို့​ လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ နှစ်​ပေါင်း​ ၂ဝ​ကျော် ပထမဆုံး​ လူကိုယ်တိုင် တက်​ရောက် မိန့်​ခွန်း​ပြောတဲ့​ နိုင်ငံတကာ အစည်း​အ​ဝေး​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က အကျင့်​ပျက်ခြစား​မှု​တွေနဲ့​ မညီမျှမှု​တွေကို အား​ပေး​တဲ့​ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေကို မလိုချင်ဘူး​လို့​ အတိအလင်း​ အခုလို ​ပြောကြား​ သွား​ပါတယ်။ "ရင်း​နှီး​မြှုပ်နှံမှု​တွေ ပိုရလာဖို့​ ကြိုး​စား​နေတဲ့​ တချိန်တည်း​မှာပဲ ကျမတို့​အ​နေနဲ့​ အကျင့်​ပျက်ခြစား​မှု​တွေနဲ့​ မညီမျှမှု​တွေကိုလည်း​ တိုက်ဖျက်ပစ်ရမယ်။ အကျင့်​ပျက်ခြစား​မှု​တွေကို ပိုပြီး​ကြီး​ထွား​လာ​စေနိုင်တဲ့​ ရင်း​နှီး​မြှုပ်နှံမှုမျိုး​ကို ကျမတို့​ အလိုမရှိပါဘူး​။ မညီမျှမှု​တွေကို ပိုဆိုး​ရွား​စေမယ့်​ ရင်း​နှီး​မြှုပ်နှံမှုမျိုး​ကိုလည်း​ ကျမတို့​ မလိုချင်ပါဘူး​။ အခွင့်​ထူး​ရနှင့်​ပြီး​သား​ လူ​တွေကိုပဲ ​နောက်ထပ်အခွင့်​သာသွား​စေမယ့်​ အကျင့်​ပျက် ခြစား​မှုမျိုး​ကို ကျမတို့​ မလိုချင်ပါဘူး​။ ကျမတို့​ လိုချင်တာက ရိုး​ရိုး​လေး​ပါပဲ၊​ အလုပ်အကိုင်အခွင့်​အလမ်း​တွေ များ​နိုင်သ​လောက် ကျမတို့​ ရချင်တယ်။" လက်ရှိ မြန်မာပြည်ရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေမှာလည်း​ လူတစုကိုပဲ အကျိုး​ရှိတာမျိုး​မဟုတ်ဘဲ တိုင်း​ရင်း​သား​ပြည်သူ​တွေ အား​လုံး​အတွက် အကျိုး​ရှိတာမျိုး​ဖြစ်ဖို့​ လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ “ကျမတို့​ ကိုယ်တိုင်က ကိုယ်ဘာကို လိုချင်သလဲဆိုတာကို သိဖို့​ လိုပါတယ်။ ဒါ​ကြောင့်​ ကမ္ဘာကြီး​၏ အ​ခြေအ​နေတိုး​တက်လာ​ရေး​ဆိုတဲ့​ ဒီအစည်း​အ​ဝေး​ရဲ့​အင်မတန် ရိုး​ရှင်း​တဲ့​ ​ဆောင်ပုဒ်က​လေး​ကို ကျမအလွန်သ​ဘောကျပါတယ်။ ကျမတို့​လည်း​ မြန်မာပြည်ရဲ့​ အ​ခြေအ​နေ​တွေ တိုး​တက်လာတာကို လိုလား​ပါတယ်။ ဒါ​ကြောင့်​ အ​ပြောင်း​အလဲလို့​ ဆိုလို့​ရှိရင် ကျမတို့​ လိုချင်တာက မြန်မာပြည်ရဲ့​ အ​ခြေအ​နေ​တွေ တိုး​တက်လာဖို့​ပါပဲ။ ဒီ​နေရာမှာ လူတဦး​တ​ယောက်၊​ အုပ်စုတစု၊​ အဖွဲ့​တဖွဲ့​အတွက်ပဲ အကျိုး​ရှိတာမျိုး​ကို ဆိုလိုတာ မဟုတ်ပါဘူး​။ ကျမတို့​ သာမန်ပြည်သူ​တွေ အ​ခြေအ​နေ​တွေ တိုး​တက်လာမယ့်​ အ​ပြောင်း​အလဲမျိုး​ကို ဆိုလိုတာပါ။ ဒီ​နေရာမှာ ပြည်သူ​တွေလို့​ ကျမအ​နေနဲ့​ သီး​သီး​သန့်​သန့်​ သုံး​နှုန်း​ချင်ပါတယ်။ ဘာဖြစ်လို့​လဲဆိုရင် မြန်မာပြည်ဟာ တိုင်း​ရင်း​သား​ပေါင်း​စုံနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ ပြည်​ထောင်စုဖြစ်​နေလိုပါပဲ။” လက်ရှိ ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ငန်း​စဉ်မှာ ​နောက်ထပ် အဆင့်​တဆင့်​ကို တက်လှမ်း​ဖို့​ လိုအပ်​နေတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆိုပါတယ်။ “လူ​တွေက ကျမကို အ​ပြောင်း​အလဲ​တွေ ​နောက်ပြန်လှည့်​နိုင်သလား​လို့​ ​မေး​တဲ့​အခါမှာ ကျမက အဲဒါက​တော့​ ဒီပြုပြင်​ပြောင်း​လဲ​ရေး​ ဖြစ်စဉ်အ​ပေါ်မှာ စစ်တပ်က ဘယ်​လောက်အထိ သံန္နိဋ္ဌာန်ခိုင်မာသလဲ ဆိုတဲ့​အ​ပေါ်မှာ မူတည်တယ်လို့​ ပြန်​ဖြေခဲ့​ပါတယ်။ အခု​တော့​ ဒီအ​ဖြေအ​ပေါ်မှာ နယ်ပယ်ချဲ့​ထွင်လိုက်ချင်ပါတယ်။ ကျမတို့​ရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ငန်း​စဉ် ​အောင်မြင်ဖို့​၊​ ​နောက်ပြန်မလှည့်​ဖို့​ အ​ရေး​ဟာ တမျိုး​သား​လုံး​ရဲ့​သံန္နိဋ္ဌာန် (National Commitment) အ​ပေါ်မှာ မူတည်ပါတယ်။ ကျမတို့​နိုင်ငံကို အ​ခြေအ​နေ​တွေ တိုး​တက်လာ​စေချင်တဲ့​ အစိတ်အပိုင်း​ အား​လုံး​အ​ပေါ်မှာ မူတည်လိမ့်​ပါတယ်။” အခုအချိန်မှာ ပြည်သူ​တွေကြား​မှာ အ​ပြောင်း​အလဲဆိုတဲ့​အ​ပေါ်မှာ အား​မလိုအား​မရဖြစ်​နေတာ​တွေနဲ့​ လွန်ခဲ့​တဲ့​ ၁ နှစ်​ကျော်​ကျော် ကာလအတွင်း​မှာပဲ လူ​တွေရဲ့​ အာရုံစိုက်မှုဟာ နိုင်ငံ​ရေး​က​နေ စီး​ပွား​ရေး​ဘက်ကို ​ပြောင်း​လာတာကိုလည်း​ သတိထား​မိတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆိုပါတယ်။” “၂၀၁၀ နှစ်ကုန်ပိုင်း​မှာ ကျမ ​နေအိမ် အကျယ်ချုပ်က​နေ ပြန်လွှတ်လာတဲ့​ အချိန်တုန်း​က​တော့​ အများ​အား​ဖြင့်​တော့​ လူ​တွေက နိုင်ငံ​ရေး​အ​ပြောင်း​အလဲကိစ္စကို ​မေး​ကြတာပါ။ ​နောက်​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ပြန်လွတ်လာတယ်။ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ​ခြေလှမ်း​တွေ ​တွေ့​လာရတယ်။ အန်အယ်လ်ဒီက မှတ်ပုံပြန်တင်ပြီး​ ​ရွေး​ကောက်ပွဲလမ်း​ကြောင်း​ပေါ် ပြန်လည် ဝင်​ရောက်လာတာ​တွေ ဟာ ကျယ်ကျယ်ပြန့်​ပြန့်​ပါဝင်လာမှုရဲ့​ လက္ခဏာ​တွေပါပဲ။ အဲဒီ​နောက်မှာ ကျမတို့​ ​ရွေး​ကောက်ပွဲအတွက် ပြင်ဆင်​နေတဲ့​အချိန်မှာ လူ​တွေရဲ့​ အ​လေး​ပေး​မှုက စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေဆီကို အာရုံ​ပြောင်း​သွား​ပါတယ်။ ဒီတခါမှာ​တော့​ လူ​တွေက အ​ပြောင်း​အလဲလို့​ ဆိုလာရင် ဒါဟာ စီး​ပွား​ရေး​ပြုပြင်​ပြောင်း​လဲမှုကို ဆိုလိုတာပါ။ ဒီ​နေရာမှာ အမြင်​တွေက မျိုး​စုံရှိပါတယ်။ လူ​တွေက ပြုပြင်​ပြောင်း​လဲ​ရေး​ အရှိန်အဟုန်အ​ပေါ်မှာ အလွန်စိတ်လှုပ်ရှား​တာ​တွေကိုလည်း​ ကြား​သိရပါတယ်။ အချိန်တည်း​မှာပဲ တချို့​ စွန့်​ဦး​တီထွင်သူ​တွေဆီက (အ​ပြောင်း​အလဲဟုတ်လား​၊​ အလကား​ပါ) လို့​ သံသယနဲ့​ ​ပြောဆိုသံ​တွေကိုလည်း​ ကြား​ရပါတယ်။ ဒါ​ကြောင့်​ ဒီ​နေရာမှာ ပြုပြင်​ပြောင်း​လဲ​ရေး​ ဆိုတာထက် ကျမတို့​ နိုင်ငံရဲ့​ တိုး​တက်လာမှုလို့​ပဲ ကျမ သုံး​နှုန်း​ရတာကို ပိုသ​ဘောကျပါတယ်။ ဘာ​ကြောင့်​လဲဆိုရင် ပြုပြင်​ပြောင်း​လဲ​ရေး​လို့​ ဆိုလိုက်ရင် တ​ယောက်နဲ့​ တ​ယောက် အဓိပ္ပာယ်​ကောက်ယူတာ​တွေ မတူညီတာ​တွေ ဖြစ်လာနိုင်လို့​ပါပဲ။ ကျမအတွက် ပြုပြင်​ပြောင်း​လဲ​ရေး​ဆိုတာ ဘာလဲလို့​ ​မေး​ရင်​တော့​ ကျမတို့​ ပြည်သူလူထုရဲ့​အ​ခြေအ​နေ​တွေ တိုး​တက်​ကောင်း​မွန်လာတာကို ဆိုလိုတာပါပဲ။” တိုင်း​ပြည်တိုး​တက်ဖို့​ဆိုရင် ​အောက်​ခြေက လူအများ​စုကြီး​ရဲ့​ စွမ်း​ရည်မြှင့်​တင်ဖို့​ လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ "အလုပ်အကိုင်ဖန်တီး​ပေး​မှုဟာ မြန်မာပြည်မှာ အလွန့်​အလွန်ကို အ​ရေး​ကြီး​ပါတယ်။ အလုပ်အကိုင်ဖန်တီး​ပေး​တာနဲ့​အတူ သင်တန်း​တွေ ​ပေး​ရမယ်။ ဒီလို သင်တန်း​တွေ ​ပေး​တဲ့​အခါမှာ လူငယ်အလုပ်လက်မဲ့​တွေ အလုပ်အကိုင်ရ​စေမယ့်​ သင်တန်း​မျိုး​တွေ ဖြစ်ရမယ်။ အသက်​မွေး​ဝမ်း​ကျောင်း​ သင်တန်း​တွေ လိုအပ်ပါတယ်။ အသက်​မွေး​ဝမ်း​ကျောင်း​ သင်တန်း​တွေလို သမား​ရိုး​ကျလမ်း​ကြောင်း​မဟုတ်တဲ့​ အပြင်ဘက်က ပညာရပ်​တွေက ​ဒေါက်တာဘွဲ့​တွေထက် အ​ရေး​ကြီး​ပါတယ်။ ဒီလို​ပြောလို့​ အဆင့်​မြင့်​ ပညာရပ်​တွေကို တန်ဖိုး​မထား​လို့​ မဟုတ်ပါဘူး​၊​ ကျမအ​နေနဲ့​ သိပ်ကို တန်ဖိုး​ထား​ပါတယ်။ ဒါ​ပေမယ့်​ ကျမတို့​ နိုင်ငံရဲ့​ လိုအပ်ချက်ကို လက်​တွေ့​ကျကျ ရှုမြင်ဖို့​ကလည်း​ အ​ရေး​ကြီး​ပါတယ်" ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ကျင်း​ပ​နေတဲ့​ ကမ္ဘာ့​စီး​ပွား​ရေး​ဖိုရမ် ​နောက်ဆုံး​နေ့​ မနက်ပိုင်း​ one-on-one အစီအစဉ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်​ပြောကြား​ခဲ့​တဲ့​ မိန့်​ခွန်း​ကောက်နှုတ်ချက် ဖြစ်ပါတယ်။ အဲဒီ​နောက် အစည်း​အ​ဝေး​တက်​ရောက်လာတဲ့​ ပရိသတ်​တွေ​ရှေ့​မှာ ကမ္ဘာ့​စီး​ပွား​ရေး​ဖိုရမ်ရဲ့​ ထူ​ထောင်သူနဲ့​ ဥက္ကဋ္ဌ Klaus Schwab က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​မေး​ခွန်း​တွေ ​မေး​ပါတယ်။ ၂၄ နှစ်ကြာပြီး​ ပြည်ပခရီး​ကို ထွက်ခွင့်​မရဘဲ ​နေခဲ့​ရာက​နေ ပထမဆုံး​ ဘန်​ကောက်ခရီး​မှာ ဘယ်လိုခံစား​ရသလဲလို့​ ​မေး​ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က ​လေယာဉ်ဆင်း​တဲ့​အချိန်မှာ သ​ဘော​ကောင်း​တဲ့​ ​လေယာဉ်မှူး​က ​လေယာဉ်မှူး​အခန်း​မှာ ထိုင်ဖို့​ ဖိတ်​ခေါ်ခဲ့​လို့​ ​လေယာဉ်မှူး​အခန်း​က​နေ ဘန်​ကောက်ရဲ့​ညမြင်ကွင်း​နဲ့​ စိတ်ထဲ​ပေါ်လာတဲ့​ ခံစား​ချက်ကို အခုလို ​ပြောပါတယ်။ “ဒီတကြိမ်မှာ မြင်ရတဲ့​ အလင်း​ရောင်က ကျမကို ဆွဲ​ဆောင်နိုင်လွန်း​လှပါတယ်။ ဘာဖြစ်လို့​လဲ ဆိုရင် လွန်ခဲ့​တဲ့​ ၃ ရက်က မြန်မာပြည်က​နေ ကျမထွက်လာတုန်း​က လျှပ်စစ်မီး​ပျက်တာကို မ​ကျေနပ်လို့​ နိုင်ငံအနှံ့​မှာ ဖ​ယောင်း​တိုင်မီး​တွေကိုင်ပြီး​ ဆန္ဒပြ​နေတာကို ဖြစ်​နေပါတယ်။ ကျမ စဉ်း​စား​ကြည့်​တယ်။ လွန်ခဲ့​တဲ့​ အနှစ် ၃၀ တုန်း​က ဘန်​ကောက်​လေဆိပ်ရဲ့​ မြင်ကွင်း​နဲ့​ ရန်ကုန်​လေဆိပ်ရဲ့​မြင်ကွင်း​က ကျမမျက်စိထဲမှာ ဘာမှ သိပ်မကွာခြား​ပါဘူး​။ အခု​တော့​ အကြီး​အကျယ် ကွာခြား​သွား​တယ်​လေ။ ဒီ​နေရာမှာ စိတ်ထဲ​ပေါ်လာတာကို ပွင့်​ပွင့်​လင်း​လင်း​ပဲ ​ပြောရ​တော့​မယ်။ ကျမစိတ်ထဲမှာ ကျမတို့​နိုင်ငံမှာ စွမ်း​အင်နဲ့​ပတ်သက်တဲ့​ မူဝါဒ လိုအပ် ​နေပါလား​ဆိုတဲ့​ အ​တွေး​က​ပေါ်လာတယ်။” ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကမ္ဘာ့​စီး​ပွား​ရေး​ ဖိုရမ်ရဲ့​ မနက်ပိုင်း​ အစီအစဉ်ဖြစ်တဲ့​ one-on-one အစီအစဉ်မှာ မိန့်​ခွန်း​နဲ့​ အ​မေး​အ​ဖြေ အစီအစဉ်ပြီး​တဲ့​ ​နောက်မှာ ​နေ့​လယ်ပိုင်း​မှာလည်း​ အာရှအမျိုး​သမီး​များ​၏ ​ရှေ့​ခရီး​ Asia Women as the Way Forward ဆိုတဲ့​ ​ဆွေး​နွေး​ပွဲကို တက်​ရောက်ပါတယ်။ အဲဒီ ​ဆွေး​နွေး​ပွဲမှာ​တော့​ မြန်မာအမျိုး​သမီး​တွေဟာ ယဉ်​ကျေး​မှုအရ အမျိုး​သား​တွေနဲ့​ တန်း​တူရည်တူ အခွင့်​အ​ရေး​ မရတဲ့​ အ​ခြေအ​နေ၊​ အထူး​သဖြင့်​ နိုင်ငံ​ရေး​မှာ ပါဝင်​ဆောင်ရွက်ခွင့်​မှာ အကန့်​အသတ်​တွေ ရှိ​နေတဲ့​ အ​ခြေအ​နေ​တွေကို ကျယ်ကျယ်ပြန့်​ပြန့်​ ​ဆွေး​နွေး​သွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up