Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ
DVB
·
March 30, 2018
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နိုင်ငံသူ နိုင်ငံသားများအားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပေးကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနဲ့ ဝိုင်းဝန်းအားပေးကြတဲ့ မိဘပြည်သူများအားလည်းကောင်း၊ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကြီးမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခဲ့ရပြီးနောက် အခုလို မိန့်ခွန်းပြောကြားခွင့် ရရှိတဲ့အတွက်လည်းကောင်း ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ဦးစွာပဏာမ ပြောကြားလိုပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျာ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ ယုံကြည်စွာနဲ့ ထောက်ခံမှုပေးအပ်ခဲ့ကြတဲ့ နိုင်ငံတဝန်းလုံးက ပြည်သူတွေအားလုံးကို အလေးအမြတ်ပြုလျက် ကျနော့်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေကို တော်တည့်မှန်ကန် လေးနက်တည်ကြည်စွာနဲ့ ထမ်းရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံဟာ အဘက်ဘက်မှာ လိုအပ်ချက်တွေ၊ ဆင်းရဲနွမ်းပါးဆဲ ဖြစ်တာကြောင့် နေရာကဏ္ဍအသီးသီးမှာ အများကြီး ဆက်လက်ရုန်းကန် ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း ဖိအားပေးမှုတွေ၊ ဝေဖန်မှုတွေနဲ့ အထင်အမြင် လွဲမှားနေတာတွေလည်း  ရင်ဆိုင်နေရပါတယ်။ ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ပြည်သူတွေ ဒီကနေ့ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အခက်ခဲတွေကလည်း မနည်းလှပါဘူး။ အရာရာတိုင်းကို လွယ်လင့်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့်လည်း ကျနော့်အနေနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ...  ကျနော့်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ ဒီအချိန်အခါဟာ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ခေတ်ပြောင်း စနစ်ပြောင်းကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလရဲ့ အစပဲ ရှိပါသေးတယ်။ ဒီပြောင်းလဲမှုဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများနဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ အားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေကားချပ် အလေ့အထတွေ အားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့ခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ ဘဝသာယာစိုပြည်ရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ်။ နိုင်ငံသူ နိုင်ငံသားများခင်ဗျာ… ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးနေကြတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်အကြားမှာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှုတွေနဲ့ ပြည်သူတွေအကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နားတွေ၊ မျက်စိတွေ ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့၊ ကျနော်တို့ အလုပ်အကျွေးပြုရမယ့် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြဖို့ တဆက်တည်းမှာပဲ တိုက်တွန်းပြောကြားလိုပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့်တောင့်တနေတဲ့ လိုအင်ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ မဏ္ဍိုင်ကြီးတွေအလိုက် ကျနော်တို့အားလုံး ဆတက်ထမ်းပိုး ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။ အလားတူ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အလယ်မှာ ကျနော်တို့နိုင်ငံရဲ့ပုံရိပ် ပြန်လည်တောက်ပ မြင့်မားလာစေအောင်၊ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပို၍ ပို၍ မြင့်တက်လာအောင် ကျနော်တို့အားလုံး ဆက်လက်ပြီး ကြိုးစားကြရဦးမှာ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ကျနော်တို့ တွေ့ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေ၊ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကျပ်အတည်းတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြည်ပြတ်မခံဘဲ အဂတိတရား ကင်းရှင်းစွာနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားများခင်ဗျာ… နိဂုံးချုပ်အနေနဲ့ ကျနော့်အနေနဲ့ ပြည်သူတွေ မြင်ချင် တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကျနော်တို့ရဲ့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ကတိပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024