ဒေါ်လာ ၅ ဘီလီယံနီးပါး တန်သည့် ဒုံးကျည်ကာကွယ်ရေးစနစ် ပိုလန် ဝယ်ယူ

ဓာတ်ပုံ - APN News
ပိုလန်နိုင်ငံဟာ ကာကွယ်ရေးကဏ္ဍမြှင့်တင်ဖို့ ဒေါ်လာ ၄ ဒသမ ၇၅ ဘီလီယံတန်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို အမေရိကန်ကုမ္ပဏီ ရေသီယွန်ဆီကနေ ဝယ်ယူဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပါတယ်။ ပိုလန် ဝယ်ယူမယ့် ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ဒုံးကျည်အပြင် လေယာဉ်တွေကိုပါ ပစ်ချနိုင်ပါတယ်။ ဒုံးကျည်စနစ် တပ်ဆင်ရေးဟာ ၂၀၂၂ ခုနှစ်မှာ စတင်နိုင်တယ်လို့ သိရပါတယ်။ ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ် ၆ ခုအထိ ဝယ်သွားဖို့ ညှိနှိုင်းဆွေးနွေးတာတွေကို ဧပြီ ၁၆ ရက်နေ့မှာ ပြုလုပ်မယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပိုလန်ဝန်ကြီးချုပ်ကတော့ ဒုံးကျည်စနစ် တပ်ဆင်တာဟာ ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးအတွက်သာဖြစ်ပြီး ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့ ပြောပါတယ်။ ပိုလန်နိုင်ငံရေး အကဲခတ်တွေကတော့ အခုလိုဝယ်ယူလိုက်တာဟာ ဘော့လ်တစ်ပင်လယ်နားက ခါလင်နင်ဂရတ်မြို့မှာ ဖြန့်ကြက်တပ်ဆင်ထားတဲ့ ရုရှားရဲ့ အစ်ခန်ဒါ ဒုံးကျည်စနစ်ရန်ကို ကာကွယ်ဖို့ ပြင်ဆင်ထားတဲ့ အဖြေပဲလို့ သုံးသပ်ကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up