Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင်း စစ်ရေးတင်းမာမှုကိစ္စ တပ်မတော်နှင့်ကေအန်ယူ ဆွေးနွေးမည့်အစီအစဉ် ဖျက်သိမ်း
နော်နိုရင်း
·
March 29, 2018
  ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့  ကေအန်ယူအကြား စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး ကျောက်ကြီးမြို့မှာ နှစ်​ဖက်​တပ်​​တွေ့ဆုံညှိနှိုင်းမယ့် အစီအစဉ်ကို တပ်မတော်ဘက်က ဖျက်သိမ်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC – U) အစည်းအဝေးဆုံးဖြတ်ချက်အရ နှစ်ဖက်တပ်တွေ မတ်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ တွေ့ဆုံဖို့ ရှိနေတာပါ။ ဒီလိုတွေ့ဆုံမယ့်အစီအစဉ်ဟာ ကေအန်ယူဖာပွန်ခရိုင်တပ်မဟာ (၅) မှူးက မတက်လို့ဆိုပြီး တပ်မတော်ဘက် ဖျက်သိမ်းခဲ့တာလို့ ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။ “တပ်မဟာ ၅ မှူးမတက်လို့ဆိုပြီးအကြောင်းပြတာလေ။ တပ်မဟာ ၅ က ဗျူဟာမှူးတွေ၊ ဗမာလို ရေရေလည်လည်တတ်တဲ့လူတွေသွားတယ်။ အဲဒါကို သူတို့က လက်မခံဘူး။ တပ်မဟာ ၅ မှူးပဲပါရမယ်။  ဗိုလ်အိုင်းဇက်တို့လည်းသွားတယ်။ တပ်မဟာ ၅ မှူး မပါလို့ မတက်ဘူးဆိုပြီးမှ သူတို့က လုပ်တာ။ သူတို့ဘက်က ဖျက်သိမ်းတဲ့သဘော။ ဒါပေမယ့် မနက်ဖြန် ၁ ရက်ကျန်သေးတယ်။ ကြည့်ဦးမယ်။” ဖာပွန်ခရိုင်၊ လူသောမြို့နယ် ခေးပူနဲ့ လယ်မူပလောရွာကြားမှာ ကားလမ်းဖောက်လုပ်ဖို့ အတွက် မတ် ၄ ရက်နေ့ကစပြီး အစိုးရတပ်က  စစ်အင်အားတိုးချဲ့ ဝင်ရောက်လာခဲ့တာပါ။ စစ်အင်အားတိုးချဲ့မှုကြောင့် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဒေသတွင်း ကျေးရွာ ၁၆ ရွာ၊ လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024