Home
မြန်မာသတင်း
အစိုးရက ဖိတ်ကြားပါက မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ငြိမ်းချမ်းရေးညီလာခံ တက်မည်
DVB
·
March 29, 2018
အစိုးရက တရားဝင် ဖိတ်ကြားလာပါက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်လို့  မတ်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းတပ်ဖွဲ့ ၇ ဖွဲ့တို့ရဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေးအပြီး ထုတ်ပြန်လိုက်တာပါ။ “အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးအပေါ် မည်သို့ သဘောထားရှိသည်ကို သေချာဆွေးနွေးသုံးသပ်ပြီး FPNCC အနေဖြင့် အစိုးရ၏ တရားဝင် ဖိတ်ကြားလွှာကို လက်ခံရရှိပါက FPNCC အဖွဲ့ဝင်အားလုံး စုံစုံညီညီ တက်ရောက်သွားမည်”လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ သူတို့တပ်ဖွဲ့တွေ ပင်လုံညီလာခံတက်တဲ့အခါ လုံခြုံရေးအာမခံချက်ရရှိဖို့ တရုတ်နိုင်ငံက ကူညီပေးပါလို့လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပန်ကြားထားပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ မြောက်ပိုင်းတပ်ဖွဲ့တို့ရဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အစည်းအဝေးကို မတ်လ ၂၆ ရက်ကနေ ၂၈ ရက်အထိ ပန်ခမ်းမြို့မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ PSC၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဦးဆောင်တဲ့ မြောက်ပိုင်းတပ်ဖွဲ့တို့ဟာ အန်စီအေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မခံဘဲ အန်စီအေ ပြင်ပလမ်း ရွေးထားတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။ အဆိုပါမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တရုတ်နိုင်ငံရဲ့ ကူညီပေးမှုနဲ့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024