Home
မြန်မာသတင်း
ထမံသီရေအားလျှပ်စစ်စီမံကိန်း သိမ်းဆည်းမြေများအတွက် ဒုတိယအကြိမ်လျော်ကြေးပေး
Aung Ko Latt
·
March 28, 2018
  စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထမံသီရေအားလျှပ်စစ်စီမံကိန်း သိမ်းဆည်းမြေတွေအတွက် ဒေသခံတွေကို သက်ဆိုင်ရာက ဒုတိယအကြိမ်လျော်ကြေးပေးအပ်လိုက်ပါတယ်။ ထမံသီရေအားလျှပ်စစ်စီမံကိန်း ကြားစခန်းအတွက် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ စူးစမ်းလေ့လာရေးဌာနခွဲကနေ မုံရွာမြို့ အလုံတောင်ကွင်း ကွင်းအမှတ် ၃၂၇ မှာရှိတဲ့မြေယာ ၁၁ ဧကကျော်ကို လွန်ခဲ့တဲ့ ၁၉ နှစ်ခန့်က သိမ်းယူခဲ့တာပါ။ အဲဒီထဲက မတ်လ ၂၈ ရက်မှာတော့ ဒုတိယအကြိမ်အဖြစ် မြေဂရမ်ပိုင်ရှင် ၃၈ ဦး၊ အကွက် ၄၁ ကွက်အတွက် အဆင့်ဆင့်စီစစ်ပြီး ပေးအပ်တာဖြစ်ပါတယ်။ ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂ ရက်က တောင်သူ ၁၈ ဦးရဲ့ မြေကွက် ၃၃ ကွက်ကို တိုင်းအစိုးရရုံးမှာ လျော်ကြေးငွေပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် လျော်ကြေးငွေပေးဖို့ အကွက် ၂၂ ကွက်ကျန်နေသေးပြီး လာရောက်ဆက်သွယ်တဲ့ ပိုင်ရှင်တွေကို စိစစ်ကာ ဆက်လက်ပေးအပ် သွားဦးမယ်လို့ သိရပါတယ်။ လျော်ကြေးငွေတွေကို မြို့မြေကာလပေါက်ဈေးအဖြစ် ၁ ဧကကို ကျပ်သိန်း ၁၀၀၀ နှုန်းနဲ့ သတ်မှတ်ကာ ပေးလျော်တာဖြစ်ပါတယ်။ ပထမအကြိမ်မြေယာလျော်ကြေးပေးအပ်ရာမှာ အကွက် ၃၃ ကွက်အတွက် ကျပ်သိန်းပေါင်း ၁၈၁၅ သိန်းကို ပေးအပ်ခဲ့ပြီး အခု ဒုတိယအကြိမ်မှာတော့ အကွက်ပေါင်း ၄၁ ကွက်အတွက် ကျပ်သိန်းပေါင်း ၂၂၅၀ သိန်းကို လျော်ကြေးပေးအပ်ခဲ့တာဖြစ်ပါတယ်။ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ မြေယာသိမ်းဆည်းမှု တစ်ခုသာရှိပါတယ်။ အခုသိမ်းထားတဲ့အထဲမှာ တောင်သူအားလုံး ၁၂၉ ဦးရဲ့မြေတွေပါဝင်နေပြီး ၉၆ ဦးကို မြေယာလျော်ကြေးပေးမှာဖြစ်သလို ကျန်တဲ့တောင်သူတွေ ကိုတော့ မြေယာ ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။ သိမ်းဆည်းမြေတွေနဲ့ ပတ်သက်ပြီး တိုင်းလယ်မြေစစ်အဖွဲ့က ဆက်လက်ဆောင်ရွက်နေသလို အခုနှစ် သြဂုတ်လမကုန်ခင် အပြီးလုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024