ရုရှားသံတမန် ၇ ဦးကို နေတိုးအဖွဲ့ထဲမှ ထုတ်ပယ်

ဓာတ်ပုံ - ရိုက်တာ
ဗြိတိန်မြေပေါ်မှာ အဆိပ်နဲ့တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နေတိုး (NATO) အဖွဲ့ကြီးက ရုရှားသံတမန် ၇ ဦးကို အဖွဲ့ထဲကနေ ထုတ်ပယ်လိုက်ပါတယ်။ နေတိုး မဟာမိတ်နိုင်ငံတွေရဲ့ ရုရှားမစ်ရှင်ကနေ သံတမန် ၇ ဦးကို ထုတ်ပယ်လိုက်ပြီး နောက်ထပ် ၃ ဦး ခန့်အပ်မှုကိုလည်း ပိတ်ပင်လိုက်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော့တင်ဘတ်က မတ်လ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ “နေတိုးဆိုင်ရာ ရုရှားမစ်ရှင်အဖွဲ့ဝင် ၇ ဦး ခန့်အပ်ထားတာကို ကျနော်တို့ ဒီနေ့ ရုပ်သိမ်းလိုက်ပါတယ်။ နောက်ထပ်ခန့်အပ်ဖို့ ဆိုင်းငံ့ထားတဲ့ ၃ ဦးကိုလည်း ကျနော်တို့ လက်မခံတော့ပါဘူး။ ကျနော့်ရဲ့ ဆုံးဖြတ်ချက်အရ မြောက်အတ္တလန္တိတ်ကောင်စီကလည်း ရုရှားရဲ့ နေတိုးမစ်ရှင်ကနေ အဖွဲ့ဝင် ၁၀ ဦးကို လျှော့ချလိုက်ပါပြီ။ ဒါကြောင့် ရုရှားအဖွဲ့ဝင် ၂၀ သာ ရှိတော့မှာပါ” လို့ စတော့တင်ဘတ်က ပြောကြားခဲ့ပါတယ်။ ဒါဟာ လက်ခံနိုင်စရာမရှိဘဲ အန္တရာယ်များတဲ့ လုပ်ရပ်အတွက် အကျိုးဆက်တခုဆိုတာကို ရုရှားက ကောင်းစွာ နားလည်စေဖို့နဲ့ ဖြစ်ပျက်ခဲ့တာတွေအပေါ် ရုရှားရဲ့ အပြုသဘောမဆောင်တဲ့ တုံ့ပြန်မှုရဲ့ နောက်ဆက်တွဲရလဒ်တခုလည်း ဖြစ်တယ်လို့ စတော့တင်ဘတ်က ဆက်လက် ပြောကြားခဲ့ပါတယ်။ ဒီကနေ့ဆုံးဖြတ်ချက်ဟာ ရုရှားအပေါ်ထားရှိတဲ့ နေတိုးရဲ့ မူဝါဒတွေကိုတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ လာမယ့် နေတိုး-ရုရှား ကောင်စီအစည်းအဝေး ဖြစ်မြောက်ရေး ကြိုးပမ်းမှုအပါအဝင် ကာကွယ်ရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတွေမှာ နေတိုးရဲ့ ရပ်တည်ချက် မပြောင်းလဲတဲ့အကြောင်း နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော့တင်ဘတ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up