Live
Home
မြန်မာသတင်း
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသ ဝက်မှေးရွာဟောင်းမှ နေအိမ်အချို့ ပြောင်းရွှေ့
Aung Ko Latt
·
March 28, 2018
  စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးက ဝက်မှေးရွာဟောင်းမှာရှိတဲ့ နေအိမ်အချို့ မတ်လ ၂၈ ရက် မနက်က ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပါတယ်။ ဝက်မှေးရွာဟောင်းမှာ ကျန်ရှိနေသေးတဲ့ အိမ်ခြေ ၃၀ ကျော်ထဲက ၇ အိမ် ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အိမ်ပြောင်းရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့်ပြောင်းရွှေ့ရတယ်ဆိုတာကို ပြောင်းရွှေ့ သူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ အိမ်ပြောင်းတာတွေက ကြေးနီစီမံကိန်းက ဒေသခံတွေအတွက်ဆိုပြီး ပြုလုပ်ပေးထားတဲ့ SME ကိစ္စတွေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့လည်း ပြောဆိုတာတွေရှိပါတယ်။ အိမ်ပြောင်းဖို့ကျန်နေသေးတဲ့ ရွာသားအချို့ကတော့ ရွာထိပ်နဲ့  ရွာလယ်မှာ ကားတွေမဝင်ဖို့ အသိပေးဆိုင်းဘုတ်တွေလည်း ချိတ်ဆွဲထားပါတယ်။ ဝက်မှေးရွာဟောင်းနေ မသွဲ့သွဲ့ဝင်းက "ကျမတို့က သူတို့ပြောင်းတာကို မကန့်ကွက်ဘူး။ ဒါပေမယ့် ကားတွေ၊ သုံးဘီးတွေ ရွာထဲ ဝင်ပြီး ပစ္စည်းတွေသယ်တာကို လက်မခံနိုင်ဘူး။ ဘာလို့လည်းဆိုတော့ အရင်တုန်းက အိမ် ၆၀ လောက်ရွှေ့တဲ့အချိန်က ကျန်ခဲ့တဲ့သူတွေမှာ ရင်နင့်အောင် ခံစားခဲ့ရပြီးပြီ။ အခုနောက်ထပ် အဲလိုမျိုး မကြုံတွေ့ချင်တော့ဘူး။ ပြောင်းတာကို မကန့်ကွက်ဘူး။ သူ့အခွင့်အရေးနဲ့ ပြောင်းခွင့်ရှိတယ်။ ရွာပြောင်းမှာကို ရဲအင်အားတွေ သုံးမယ်ဆိုပြီး ပြင်ဆင်နေတယ်လို့လည်း ကြားတယ်။ အဲလိုလုပ်ရအောင် ကျမတို့ရွာက သူခိုး၊ ဓားမြရွာလည်းမဟုတ်ဘူး။ ဘယ်သူမှ လာရောက်ညှိနှိုင်းတာလည်း မရှိဘူး"လို့ ဒီဗွီဘီကို ပြောပါတယ်။ ရွာထဲကိုတော့ ကားတွေဝင်ရောက်တာမရှိပေမယ့် ရွာပြင်မှာတော့ ကားအချို့ ရပ်ထားတာ ကိုတော့တွေ့ရတယ်၊ ဆက်လက်စောင့်ကြည့်ပြီး ကား၊ သုံးဘီး ရွာထဲမဝင်ဖို့ တားမြစ်သွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာ ဝက်မှေးရွာဟောင်းဒေသခံတွေက ကျန်နေသေးတဲ့မြေမှာ တောင်သူလုပ်တာ၊ ထန်းမြစ်ရောင်းတာ၊ ထန်းလက်တောင်ယက်တာနဲ့ အခြားလုပ်ငန်းတွေလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းနေကြတာဖြစ်ပါတယ်။ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး မလွတ်ကင်းလို့ ပယ်ဖျက်ရမယ့်ရွာတွေထဲမှာ ဝက်မှေး ရွာဟောင်းအပြင် ဆည်တည်း၊ ဇီးတော စတဲ့ကျေးရွာတွေလည်းပါဝင်နေပါတယ်။ ဆည်တည်း ရွာဟောင်းမှာတော့ အိမ်ခြေ ၉၀ ကျော် မပြောင်းရွှေ့ဘဲ ကျန်ရှိနေပါသေးတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024