A d v e r t i s e m e n t With Us

ဝါးတားဘတ်စ်စီး ၅ နာရီခရီးသွား

‘တပေလောက်ရှိသော ကုလားလေး နေသွားဖူးသဖြင့် တပေကုလားရွာဟု ခေါ်ဆိုလေသည်။’ ဒီလိုစာမျိုး သိပံ္ပမောင်ဝ စာတွေထဲ ဖတ်ရလေ့ရှိတယ်။ ‘ကျောက်တုံးတွေနှင့် တည်ဆောက်ထားသော တံတားရှိ၍ ဤမြို့နယ်ကို ကျောက်တံတားဟု အမည်ပေးထား၏။” ဒါကတော့ ဝင်ဒီလောရုံရေးတဲ့ ‘ရှင်ရင်ရွှေထီး’ စာအုပ်ထဲမှာ ရန်ကုန်က ကျောက်တံတားမြို့နယ်အကြောင်း ပုံဖော်ရေးသားထားတာ ဖြစ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ရလေအောင် ဗိုလ်တထောင်-တွံတေး ရန်ကုန် ဝါးတားဘတ်စ်ခရီး သင်္ဘောစီးမယ် ကြံတော့ ဗိုလ်တထောင်အကြောင်း ဖတ်ရတယ်။ တဖုဿနဲ့ ဘလ္လိကညီနောင်က မြတ်စွာဘုရား ဆံတော်ရှစ်ဆူ ပင့်လာတော့ အခု ဗိုလ်တထောင်ဆိပ်ကမ်း နေရာကနေ ဥက္ကလာပမင်းကြီးက ပင့်ဆောင်တယ်။ သူက ဗိုလ်ခြေ ၁၀၀၀ နဲ့ ခြံရံပင့်ဆောင် ပူဇော်တာကို အစွဲပြုရာကအစ ဗိုလ်တထောင်ဆိပ်ကမ်းနားက စေတီတော်ကို ဗိုလ်တထောင်စေတီလို့ ခေါ်တွင်ပြီး မြို့နယ် နာမည်ကိုလည်း ဗိုလ်တထောင်မြို့နယ်လို့ ခေါ်ခဲ့တာပါတဲ့။ အခုတော့ ဆံတော်ရှင် ပင့်ဆောင်တဲ့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရန်ကုန်ဝါးတားဘတ်စ် နှစ်ထပ်သင်္ဘော အဝါကြီးတွေ ဆိုက်ကပ် နေရာယူထားတယ်။ ဝါးတားဘတ်စ်နဲ့ ဗိုလ်တထောင်-တွံတေး ခရီးမထွက်ခင် ရန်ကုန်သားတွေ ဘယ်လို အပန်းဖြေတယ်ဆိုတာ ပြန်ကြည့်တယ်။ အားလပ်ရက်တွေဆို ဈေးဝယ်စင်တာတွေသွားပြီး ရုပ်ရှင်ကြည့်သူကြည့်၊ ခရီးဝေးထွက်သူထွက် လုပ်ကြတာ တွေ့ရပြီး နေ့ချင်းပြန် အပန်းဖြေခရီး ဆိုတာလည်း ကားနဲ့သွားရတဲ့ သံတောင်ကြီးလို ခရီးလောက်ပဲ ရှိတယ်။ ဆူညံပြီး ပူပြင်းတဲ့ ရန်ကုန်မြို့ကို ခဏထားခဲ့ပြီး အေးဆေးတဲ့ မနီးမဝေး တနေရာကို လေး ငါးနာရီလောက် စိတ်အေးလက်အေး နားအေးပါးအေး ခရီးထွက်ပြီး အပန်းဖြေခရီး ထွက်ချင်ရင်တော့ ဝါးတားဘတ်စ်နဲ့ ဗိုလ်တထောင်-တွံတေး ခရီးလေး သွားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဈေးသင့်ပြီး သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူသွင်းရင်း ရန်ကုန်မြစ် အလှနဲ့ တွံတေးတူးမြောင်းရဲ့ ထူးခြားချက်တွေ၊ တူးမြောင်း တဖက်တချက်က ကျယ်ပြန့်တဲ့ မြင်ကွင်းတွေက အတော့်ကို စွဲမက်စရာ ဖြစ်ပါတယ်။ မတ်လ ၂၇ ရက်က ဗိုလ်တထောင်-တွံတေး ဝါးတားဘတ်စ် နှစ်ထပ်သင်္ဘောခရီးကို မနက် ၉ နာရီမှာ ကြိုကြေညာထားသလို စတင်ခဲ့ပါတယ်။ နှစ်ထပ်သဘောင်္အပြည့် ခရီးသည် ၁၀၀ လောက် လိုက်ပါစီးနင်းလာတဲ့ သင်္ဘောဟာ စတင်ထွက်ခွာလိုက်တယ်ဆိုရင်ပဲ သင်္ဘောဥသြသံ တညံညံ ပေးရတယ်။ ပန်းဆိုးတန်းဆိပ်ကမ်းနဲ့ ဒလဆိပ်ကမ်းတို့ကို လူးလာဆန်ခတ် ပြေးနေတဲ့ ခရီးသည်တင် နှစ်ထပ်သင်္ဘောတွေ မြင်ပြီး ဥသြသံပေးတာ ဖြစ်တယ်။ မော်တင်ဘက်လောက် သင်္ဘောရောက်တော့ ဘယ်ဘက်ခြမ်းမှာ တွံတေးတူးမြောင်းက ဆီးကြိုနေပါပြီ။ ဝင်ဝင်ချင်း ညာဘက်ခြမ်းမှာ ရေလမ်းခွဲတခု တွေ့ရပြီး အဲဒီရေလမ်းခွဲထိပ်မှာ တည်ထားတဲ့ ဆိပ်ကမ်းက ဆိုင်းဘုတ်ကို လှမ်းဖတ်လိုက်တော့ ဆိပ်ကြီး-ခနောင်တိုမြို့နယ် ဆိုတဲ့ ဆိုင်းဘုတ် တွေ့ရတယ်။ ၁၉၇၀ ကျော်ကာလတွေက ဒီရေလမ်းခရီးကို ဧရာဝတီ နှစ်ထပ်သင်္ဘောတွေနဲ့ သွားလာစုန်ဆန်ဖူးပြီး အခုလည်း မြင်ကွင်းတွေက သိပ်မပြောင်းလဲတာ သတိထားမိတယ်။ တူးမြောင်းထဲမှာ ၁၉၇၀ ကျော် ကာလတွေတုန်းကလို ခရီးသည်တင် နှစ်ထပ်သင်္ဘောတွေ မမြင်ရဘဲ ကုန်တင်သင်္ဘောငယ်တချို့သာ ခုတ်မောင်းသွားလာနေပြီး တူးမြောင်းထဲ ရေလမ်းရှင်းတယ်။ “မိတ်ဆွေများ ခရီးသွားရင် ဧည့်လမ်းညွှန် အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။ ဘာလို့ဆို စာအုပ်တွေ အများကြီး ဖတ်ထားစရာမလိုဘဲ ကိုယ်သွားမယ့်ခရီးအကြောင်း သူက ရှင်းပြမှာဖြစ်လို့ပါ"။ တူးမြောင်းမြင်ကွင်းအပေါ် အာရုံရောက်နေတုန်း ဗြုန်းခနဲ ကြားလိုက်ရတဲ့ အသံကြောင့် အနီးအနားကြည့်မိတော့ အသက် ၄၀ ဝန်းကျင်လောက်ရှိတဲ့ ဧည့်လမ်းညွှန် အမျိုးသားတဦးက လက်ကိုင်မိုက်တလုံးနဲ့ ပြောနေတာ ဖြစ်တယ်။ သူကပဲ တွံတေးတူးမြောင်းနဲ့ တွံတေးမြို့အကြောင်း ခရီးသည်တွေကို ဆက်ရှင်းပြနေပါတော့တယ်။ တွံတေးတူးမြောင်းကို သက္ကရာဇ် ၁၈၀၀ ကျော်ကာလကတည်းက ဖောက်လုပ်ခဲ့တာ ဖြစ်လို့ တူးမြောင်းရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၈၀ လောက်ရှိပြီး တူးမြောင်းအရှည်က ကီလိုမိတာ ၃၀ ကျော် ရှိတဲ့အကြောင်း၊ ရန်ကုန်မြစ်နဲ့ ဧရာဝတီမြစ်ကို ဆက်သွယ်ပေးထားတဲ့ တူးမြောင်းဖြစ်ပြီး ရေလမ်းခရီးအတွက် အင်မတန် အသုံးဝင်ပါကြောင်း၊ တွံတေးမြို့မှာဖြင့် ဆံတော်ရှင်စေတီတဆူရှိပြီး တွံတေးမြို့ရဲ့ အိုးလုပ်ငန်းက နာမည်ကျော်ပါကြောင်း။ တူးမြောင်းဘေးဝဲယာရှုခင်းတွေကို အငမ်းမရ ကြည့်နေလို့ ဧည့်လမ်းညွှန်အသံက နားထဲ ဝင်တချက် မဝင်တချက်။ တူးမြောင်းအဝင်မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ စုပုံထားတာတွေ့ရလို့ ဒါတွေကတော့ တူးမြောင်းပြုပြင်ထိန်းသိမ်းဖို့ ကိုရီးယားချေးငွေနဲ့ လုပ်မယ့် စီမံကိန်းအတွက်ပဲ ဖြစ်မယ်လို့ ပြေးမြင်တယ်။ ၂၀၁၇ ခုနှစ်ကပဲ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ်ကို မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ပြီး   တွံတေးတူးမြောင်းကမ်းပါး ထိန်းသိမ်းတာ တွံတေးတူးမြောင်း (ဝ) မိုင်အနီး ရေဝဲအတွင်း ကျောက်ကြီး ဖြည့်တာနဲ့ တူးမြောင်းတလျှောက် ရေကြီးရေလျှံ ကာကွယ်ရေး၊ ရေထိန်းကမ်းပတ်တာ တည်ဆောက်တာတွေလုပ်ဖို့ ရှိတယ်လို့ သတင်းတွေထဲ ဖတ်ထားမဟုတ်လား။ မနက် ၁၀ နာရီခွဲလောက် အရောက်မှာတော့ တွံတေးမြို့က တခုတည်းသော သင်္ဘောဆိပ်ကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် သင်္ဘောဆိုက်တယ်။ ၁၉၇၀ ကျော် ကာလတွေတုန်းကအတိုင်း မပြောင်းမလဲ ရပ်တည်နေတဲ့ ဆိပ်ခံဘောနဲ့ ဆိပ်ခံတံတားကို ကြည့်ပြီး တချို့တွေ နေနိုင်လွန်းတယ်ဆိုတဲ့ ခိုင်ထူး သီချင်းတစ ရွရွရွတ်ဆိုမိတယ်။ ခနော်နီခနော်နဲ့ ဆိပ်ခံသစ်သားတံတားလေးပေါ်က လှမ်းတက်လိုက်တော့ မြို့ထဲလှည့်ပြီး ဘုရားဖူးလေ့လာဖို့ ခရီးသည်တင်ကားတွေ တန်းစီရပ်ထားတာ မြင်ရတယ်။ ခရီးသည်တင် ဟီးနိုးကားနှစ်စီး၊ အံစာတုံးကားတစီး၊ ဟိုင်းဂျက်ကားလေးတစီးအပြင် လူမလောက်လို့ ငှားထားတဲ့ မြို့ခံတက္ကစီနှစ်စီး စုစုပေါင်း ကား ၅ စီးနဲ့ တွံတေးမြို့ခရီး စတယ်။ တွံတေးမြို့ဟာ ၁၉၉၀ ကျော် ကာလတွေတုန်း တွံတေးမဟုတ်တော့ဘဲ ဆိုင်ကယ်တွေ အငှားကားတွေနဲ့ သက်ဝင်လှုပ်ရှားနေတယ်။ ၁၉၉၀ ကျော်ကာလတွေတုန်းက တွံတေးကတော့ ဟိုနား ဒီနား ဆိုက်ကားငှားစီးရင်စီး မစီးရင် ခြေကျင်သာ ကြိတ်ရတယ်။ မြို့လမ်းတွေပေါ် ကားရှင်းလို့ ဒီတုန်းကတော့ ခြေကျင်ကြိတ်သူတွေပဲ များတယ်။ အခုတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ စည်သလေ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ မတ်လ ၂၇ ရက်က တွံတေး ရွှေဆံတော်စေတီတော်မြတ်ကြီးရဲ့ ၆ ရက်တိုင် ကျင်းပပြုလုပ်မယ့် ဘုရားပွဲတော် စတဲ့နေ့ ဖြစ်ပါတယ်။ ပွဲတော်စတဲ့နေ့ ဖြစ်သလို နွေနေက ပြင်းတာကြောင့်လည်း ဘုရားရင်ပြင်တော်ပေါ်မှာ ဝါးတားဘတ်စ်ခရီးသည် ၁၀၀ ကျော်နဲ့ ယူနီဖောင်းဝတ် အမျိုးသမီး တသိုက်လောက်ပဲ ဘုရားဖူးနေတာ မြင်ခဲ့ရတယ်။ (သွားရင်းလာရင်း ဝါးတားဘတ်စ် ကုမ္ပဏီက တာဝန်ရှိသူတဦးနဲ့ စကားစပ်မိလို့ အခုခရီးမှာ ခရီးသည် ၁၁၂ ဦး လိုက်ပါလာပြီး သူတို့ကုမ္ပဏီက ခရီးသည် ၁၂၀ ဦးထိပဲ လက်ခံပြေးဆွဲဖို့ စီစဉ်ထားတာဖြစ်ကြောင်း သိရတယ်)။ ဘုရားဖူးချိန်ပေးတဲ့ နာရီဝက်အတွင်း တချို့ခရီးသည်တွေဟာ ကျယ်ဝန်းတဲ့ ရင်ပြင်တော်ပေါ်က တန်ဆောင်းတွေထဲ ဝင်ပြီး သင်္ဘောက ကမ်းထားတဲ့ ထမင်းဘူးတွေ ဖွင့်စားကြတယ်။ ထမင်းတထုပ်၊ ကြက်သားဟင်းတထုပ်၊ သရက်သီး ပိုးတီသုပ် တထုပ်နဲ့ အသင့်အတင့်တော့ စားလို့ကောင်းပေမယ့် ဖြစ်နိုင်ရင်တော့ အိမ်ကနေ ထမင်းဟင်း ထည့်လာပြီး စားရင် အထူးသဖြင့် လူကြီးတွေအတွက် ပိုအဆင်ပြေမယ်။ သင်္ဘောပေါ်မှာ ထမင်းချိုင့်လေးထုတ်ပြီး လေတဖြူးဖြူးနဲ့ ထမင်းစားရတဲ့ အရသာက တမျိုးထူးတာမို့ ထမင်းချိုင့်ယူသွားဖို့ အကြံပြုတာဖြစ်ပြီး ကိုယ်တိုင်လည်း ပြောသလို စားခဲ့ပါတယ်။ ဘုရားဖူးပြီး တွံတေး အိုးလုပ်ငန်းတွေဆီ ခရီးဆက်တော့ နေမွန်းတည့်ပြီ။ တွံတေးအိုးဘိုအနောက်ရပ်ကွက် အိုးလုပ်တဲ့ရုံတွေက ခတ်အုပ်အုပ်လေးတွေ ဖြစ်လို့ အထဲမှာ ပူမယ်ထင်ရပေမယ့် ထင်သလိုမဟုတ်ဘဲ အေးနေတယ်။ အခုလတော့ လုပ်ရတယ်၊ မနားရဘူးလို့ အိုးလုပ်နေသူက ပြောတော့ သူလုပ်နေတဲ့အိုး ကြည့်လိုက်တဲ့အခါ သင်္ကြန်အတာအိုး ဖြစ်နေတယ်။ သူ့အပြောအရ ဘုရားပန်းအိုးနဲ့ သောက်တော်ရေအိုးလောက်ပဲ လုပ်ရတာများပြီး အိုးအလုပ်ရုံ  ၂၀ လောက် ဒီအရပ်ရှိရာက အခုတော့ အလုပ်မကောင်းလို့ ၇ ရုံလောက်ပဲ ရှိတော့ကြောင်းလည်း တဆက်တည်း သိရတယ်။ အိုးကို လက်နဲ့ လိုသလိုပုံဖော်ပြီး အိုးလုပ်နေကြတဲ့ အမျိုးသမီးတွေကတော့ သူတို့အလုပ်ကို တရစပ်လုပ်နေသလို ဧည့်သည်တွေ မေးသမျှလည်း စိတ်ရှည်လက်ရှည် ဖြေပေးကြတယ်။ ရေသန့်ဘူးတွေ၊ ရေအေးစက်တွေနဲ့ သာသာယာယာ ရှိလာတဲ့ ရန်ကုန်လို မြို့တွေမှာ ရွှံ့နဲ့လုပ်တဲ့ ရေအိုးတွေ မမြင်ရသလောက်မို့ တွံတေးအိုးလုပ်ငန်း သိပ်အလုပ်မဖြစ်တာ အဆန်းတကြယ်တော့လည်း မဟုတ်ပြန်ဘူး။ တွံတေးကအပြန် တူးမြောင်းထဲမှာတော့ ကျောက်စရစ်နဲ့ ကျောက်ခဲတင် တွန်းသင်္ဘော လေးငါးစီးကို ကျော်ဖြတ်ခဲ့ရပြီး တူးမြောင်းထဲ ကျောက်ချရပ်နားထားတဲ့ ကျောက်တင် တွန်းသင်္ဘောတွေလည်း တွေ့မြင်ခဲ့ရတယ်။ တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအတွက် ကျောက်တွေ သယ်ဆောင်နေကြတာဖြစ်နိုင်ပြီး အထူးသဖြင့် တူးမြောင်းထဲ ကျောက်ဖြည့်လုပ်ငန်းလုပ်ဖို့ ဖြစ်မယ်။ သိပ်မများလှတဲ့ ငွေကျပ် ၇၀၀၀ သုံးပြီး မြို့ပြက ခဏတာ ၅ နာရီခရီး ထွက်သင့်ပါတယ်။ နေပူဒဏ်က ကာကွယ်ဖို့ ဦးထုပ်၊ ထီး၊ နေလောင်ခံကရင်၊ ရေဘူး ဆောင်သွားပါ။ ထမင်းချိုင့်နဲ့ မုန့်ပဲသရေစာ ဆောင်သွားပါ။ ခရီးသွားခရီးစဉ် စီစဉ်ပေးတဲ့ ကုမ္ပဏီဘက်က အပေါ့အပါးသွားဖို့ အစီအစဉ်တခု ထည့်သွင်းရေးဆွဲပြီး စီစဉ်ပေးဖို့ အထူးတလည် လိုတယ်။ ခရီးသည် စုံ မစုံ စစ်ဆေးတဲ့ အစီအစဉ်တကျ လုပ်ဆောင်မှုတခု လိုတယ်။ တွံတေးမြို့က ဆိပ်ခံဘောနဲ့ ဆိပ်ခံတံတားကို ခရီးစဉ်အတွင်း ကုမ္ပဏီဘက်က အဆင့်မြှင့်တင်ပေးနိုင်ရင် လူသာဓုခေါ် နတ်သာဓုခေါ် အလုပ်ဖြစ်မယ်။ ဗိုလ်တထောင်-တွံတေး ရေလမ်းခရီးမှာ အန္တရာယ်မဖြစ်အောင် ထိန်းသိမ်းမောင်းနှင် ဝန်ဆောင်မှုပေးခဲ့ကြတဲ့ နှစ်ထပ်ဝါးတားဘတ်စ်က ဝန်ထမ်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုရွှေအောင်

A d v e r t i s e m e n t With Us

More News
Up