အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အပြင်းဖျားပြီး ဆေးရုံတက်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ အပြင်းဖျားပြီး မတ်လ ၂၇ ရက်နေ့က ဆေးရုံတက်ခဲ့ရပါတယ်။ ချောင်းဆိုးပြီး အဖျားတက်နေတဲ့အတွက် ဆက်လက်စမ်းသပ်စစ်ဆေးဖို့ ဆေးရုံတက်ခဲ့တာလို့ နေတန်ယာဟုရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က နာမကျန်းဖြစ်ရာကနေ အပြည့်အဝ ကျန်းမာမှု မရှိသေးဘူးလို့ နေတန်ယာဟုရဲ့ ဆရာဝန်က ယူဆတဲ့အတွက် အခုလို ဆေးရုံမှာ စမ်းသပ်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆက်ပြောပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုဟာ အဂတိလိုက်စားမှုစွပ်စွဲချက် ၃ ခုအတွက် ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှု ခံနေရချိန်မှာ အခုလို နာမကျန်းဖြစ်နေတာပါ။ မတ်လ ၂၆ ရက်နေ့က နေတန်ယာဟုရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ကို အဂတိလိုက်စားမှု စွပ်စွဲချက်တခုအတွက် ရဲက စစ်ဆေးမေးမြန်းခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လုံခြုံရေးဆိုင်ရာ အစိုးရအဖွဲ့ဝင်များ အစည်းအဝေးကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး နေတန်ယာဟု မတက်နိုင်ရင် သူ့ရဲ့ကိုယ်စား ကာကွယ်ရေးဝန်ကြီးက တက်ရောက်သွားမယ်လို့ အစ္စရေးအစိုးရ အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up