ကယားပြည်နယ်အစိုးရနှင့် ထိုင်းနိုင်ငံကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
DVB
·
March 27, 2018
ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ထိုင်းနိုင်ငံကကိုယ်စားလှယ်တွေဟာ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ ဒီနေ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ချစ်ကြည်ရေးတိုးမြှင့်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ထိုင်း နှစ်နိုင်ငံ ဝင်ထွက်သွားလာတဲ့ အခါတွေမှာ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေကို အပြန်အလှန် လေးစားလိုက်နာကြဖို့၊ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နေတဲ့ ကျွဲ၊ နွားမှောင်ခိုတွေကို အရေးယူပေးဖို့၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ကဏ္ဍကို မြှင့်တင်ဖို့နဲ့ နှစ်ဖက်ချစ်ကြည်ရေးကိုလည်း ဆက်လည် တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက"ရေရှည်မှာ တကယ့် ညီအစ်မမြို့တော် အသွင်ပေါက်ဖို့အတွက် ကျနော်တို့ နှစ်ဖက် အပြန်အလှန်လေးစားလိုက်နာဖို့ ကြိုးစားတဲ့နေရာမှာ ကျနော်တို့ မြန်မာဘက်ခြမ်းကနေ ကယားပြည်နယ်အစိုးရဘက်ကနေ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ကြိုးပမ်းသွားမယ်။ နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ ဖြစ်လာဖို့အတွက်လည်းပဲ အစိုးရချင်း ဆောင်ရွက်နိုင်ဖို့အတွက် ကျနော့်ဘက်ကနေ အမြဲတမ်း မဖြစ်မနေတိုးတက်အောင် ကြိုးပမ်းအကောင်အထည်ဖော်နေတာကို သိစေချင်ပါတယ်"လို့ ပြောပါတယ်။
ကယားပြည်နယ်လွိုင်ကော်မြို့နဲ့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့ကို ညီအစ်မ မြို့တော်အဖြစ် သတ်မှတ်ဖို့ ၂၀၁၇ ခုနှစ်ကတည်းက နှစ်နိုင်ငံ MOU သဘောတူညီချက် လက်မှတ် ရေးထိုးထားခဲ့တာပါ။
အဆိုပါ တွေ့ဆုံပွဲမှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို အပါအဝင် ဝန်ကြီးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ဂျူကာဘွမ်လောင်း၊၊ မယ်ဟောင်ဆောင် ခရိုင်ဝန် ဆူဘဆတ်အမ်ဝိကျန်းနဲ့ တခြား ဝန်ကြီးအဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ - ထိုင်း နှစ်နိုင်ငံ သံတမန်ထူထောင်မှု နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံပူးပေါင်းပြီး လွိုင်ကော်ဆေးရုံကြီးမှာလည်း အကြားအာရုံ ဝေဒနာရှင်တွေကို အခမဲ့ စစ်ဆေးကုသပေးနေပါတယ်။
သတင်း - ခွန်းတူးတူးလေး (လွိုင်ကော်)