ပုဂံရှေးဟောင်းနယ်မြေတွင် ဥပဒေနှင့်မညီဘဲ ဟိုတယ်ဆောက်လုပ်မှုကန့်ကွက်
DVB
·
March 27, 2018
ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဥပဒေနဲ့မညီဘဲ ဟိုတယ်ဆောက်နေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ထားသလို ရှေးဟောင်းနယ်မြေ စီမံခန့်ခွဲမှုကော်မတီကို တင်ပြထားတယ်လို့ ပုဂံဌာနခွဲ ရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
ပုဂံမြို့သစ်၊ ကျောက်စကားမြို့ဟောင်းပေါ်က မြေ ၁၉ ဧကလောက်မှာ မြတ်မင်းကုမ္ပဏီက အခန်းပေါင်း ၃၅၀ လောက်ပါဝင်မယ့် ဟိုတယ်တည်ဆောက်နေတာပါ။ ဒီလိုဆောက်လုပ်ဖို့ ၂၀၁၂ ခုနှစ် လောက်ကတည်းကတင်ပြခဲ့ပေမယ့် ရှေးဟောင်းသုတေသန ဦးစီးဌာနက ခွင့်မပြုခဲ့ဘူးလို့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။
“၂၀၁၂ ခုနှစ်တုန်းက ဝင်းခြံခတ်ဖို့၊ အဆောက်အအုံတွေဆောက်ဖို့ ကျနော်တို့ဌာနကို တင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ဒီနေရာဟာ ရှေးဟောင်းအဆောက်အအုံ တည်ရှိရာ ဇုန် ဖြစ်တယ်။ လူနေထိုင်ရာ စည်ပင်ဧရိယာထဲမှာ မရှိတဲ့အတွက် ခွင့်မပြုခဲ့ပါဘူး။ သို့သော်လည်း ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ အဆောက်အအုံတွေ ဆောက်လာလို့ တားမြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အဆောက်အအုံတွေ ထပ်ဆောက်လာလို့ ကွင်းဆင်းပြီးတော့ တားမြစ်ခဲ့ရပါတယ်။”
ဒါနဲ့ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မညီလို့ ကန့်ကွက်ထားသလို ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးတည်ဆဲဥပဒေအရ ဆက်လက်ဆောင်ရွက် သွားဖို့အတွက် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေး ကော်မတီကို တင်ပြထားတယ်လို့ဆိုပါတယ်။
ပုဂံဒေသခံဦးရဲမြင့်ကတော့ ဒီဟိုတယ်ဆောက်နေတဲ့ဝင်းနဲ့ အပြင်မှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်နဲ့ ပတ်သက်တဲ့ ရှေးဟောင်းအဆောက်အအုံ တခုမှမရှိသလို တူးဖော်ထားတဲ့ မြေနေရာတွေမှာလည်း ရှေးဟောင်းနဲ့ ပတ်သက်တာ မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးတော့ပုဂံမြို့ဟောင်းထဲမှာ ရှေးဟောင်းသုတေသနဦးစီးရုံးနဲ့ ဝန်ထမ်းအိမ်ရာ ဆောက်ထားတာ၊ ယွန်းပညာကောလိပ်နဲ့ ပုဂံနန်းတော် ဆောက်လုပ်ထားတာတွေကိုလည်း သူက ဝေဖန်ပါတယ်။
မန္တလေးတိုင်း အစိုးရရုံးကနေ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးကို ပေးပို့တဲ့စာမှာတော့ ဟိုတယ်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးကန့်ကွက်ဖို့ မရှိဘူးလို့ဖော်ပြထားပါတယ်။
ညောင်ဦးခရိုင်အုပ်ချုပ်ရေးရုံးကနေ ဟိုတည်တည်ဆောက်နေတဲ့ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာထံကို ပုဂံဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေပေးသွင်းဖို့ အကြောင်းကြားတဲ့စာလည်း လူမှုကွန်ရက်မှာတွေ့ရပါတယ်။
စံထွေးအောင်