မိုင် ၉၀၀၀ ခရီးကို မရပ်မနား ပျံသန်းခဲ့သည့် ပထမဆုံး အံ့ဖွယ်လေယာဉ်ခရီးစဉ်

သြစတြေးလျနိုင်ငံ ပါ့သ်မြို့ကနေ လန်ဒန်မြို့ဆီ မတ်လ ၂၄ ရက်ညက လုံးဝမရပ်မနားဘဲ ပျံသန်းလာတဲ့ ကန်တာစ် (Qantas) လေယာဉ်ဟာ ဟိသရိုးလေဆိပ်ကို မတ်လ ၂၅ ရက် မနက်မှာ ရောက်ရှိလာပြီး သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။ ခရီးက အချိန် ၁၇ နာရီနဲ့ မိနစ် ၂၀ ကြာမှာဆိုပေမယ့် သမိုင်းဝင် မိုင် ၉၀၀၀ ခရီးကို ပျံသန်းခဲ့တဲ့လေယာဉ်က သတ်မှတ်ချိန်ထက်စောပြီး မနက် ၅ နာရီ ၂ မိနစ်မှာ အောင်အောင်မြင်မြင် ဆိုက်ရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခရီးရှည်ပျံသန်းခဲ့တဲ့ လေယာဉ်ဟာ အမ်မလီလို့ခေါ်တဲ့ ဘိုးရင်း ၇၈၇-၉ ပုံစံကို အဆင့်မြှင့် ထုတ်လုပ်ထားတာဖြစ်ပြီး ဘိုးရင်း ၇၄၇ ထက် ၂ ဆ ဆီစားသက်သာပြီး ဒီလေယာဉ်က လေထဲ ရုတ်တရက် အမြန်ပျံသန်းမှုကို လျော့ချပေးတဲ့ နည်းပညာ၊ လေအရည်အသွး တိုးတက်မှုနဲ့ ပြတင်းပေါက်ကျယ်ကြီးတွေ၊ လေယာဉ်ဝမ်းဗိုက်ပိုင်း ဆူညံသံ လျော့ကျစေတာတွေ အပါအဝင် တခြားလေယာဉ်ပုံစံတွေထက် အကျိုးများတာတွေ ရှိတယ်လို့ ဆိုပါတယ်။ အခကြေးငွေ ထပ်မံပေးစရာမလိုဘဲ ကိုယ့်ဘာသာ ယူလို့ရတဲ့ အစားအသောက် ဗီရိုတွေ၊ အခမဲ့ ဝန်ဆောင်မှုအိတ်တွေ၊ အထူးစားသောက်စာရင်း ဓာတ်ပုံတွေကို ဖြန့်ဝေရင်း ဒီသမိုင်းဝင်ခရီးကို စီးရလို့ လေယာဉ်ပေါ်က ခရီးသည်တွေ ဝမ်းမြောက်နေကြပါတယ်။ ပထမဆုံးခရီးစဉ်မှာ ခရီးသည် ၂၀၀ ကျော်နဲ့ လေယာဉ်ဝန်ထမ်း ၁၆ ဦးပါပြီး လေယာဉ်ပေါ်မှာ အိပ်ယာပါ အထက်တန်းထိုင်ခုံ ၄၂ လုံး၊ အထက်တန်းခုံ ၂၈ လုံးနဲ့ ရိုးရိုးခုံ ၁၆၆ လုံး ပါဝင်ခဲ့ပါတယ်။ ခရီးသည်တွေကို သွားတိုက်တံ၊ ကန်တာစ်စောင်၊ နားကြပ်နဲ့ မျက်လုံးပိတ်ဖို့ မျက်နှာဖုံး စတာတွေ ပါဝင်တဲ့ အခမဲ့ဝန်ဆောင်မှုအိတ်တွေနဲ့ နှုတ်ခွန်းဆက်သခဲ့ပြီး လေယာဉ်ပေါ်မှာ အဓိက စားသောက်ဖွယ်ဟင်းလျာ၊ မနက်စာ အစားအသောက်နဲ့ ခရီးစဉ်တလျှောက်လုံး အခမဲ့ သွားရေစာတွေကိုလည်း သုံးဆောင်လို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်မှာ အခမဲ့ အင်တာနက် ဝိုင်ဖိုင်မပါလို့ ခရီးသည်တွေ အနေနဲ့ ခရီးစဉ်အတွင်း သူတို့ရဲ့ အချိန်တိုင်းကိုတော့ အသေးစိတ်မှတ်တမ်းတင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီခရီးစဉ်က သြစတြေးလျကနေ ဥရောပကို အမြန်ဆုံးသွားတဲ့လမ်းရဲ့ အစအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ကန်တာစ်ရဲ့ စီအီးအို အလန်ဂျိုစီလည်း လေယာဉ်ပေါ် လိုက်ပါခဲ့တာပါ။ သူက “ဒါက ခရီးသွားဆိုင်ရာ ကာလအသစ်တခုကို ဖွင့်လှစ်လိုက်တဲ့ တကယ့် သမိုင်းဝင် လေယာဉ်ခရီးစဉ်ပါ။ သြစတြေးလျနဲ့ ဥရောပကို လေကြောင်း တိုက်ရိုက်ရှိတာ ပထမဦးဆုံးပါ” လို့ ပြောလိုက်ပြီး ဒီလေယာဉ်ခရီးစဉ်က ကမ္ဘာလုံးဆိုင်ရာ ပျံသန်းမှုနဲ့ သြစတြေးလျနိုင်ငံတို့အတွက် အဓိကမှတ်တိုင်ဖြစ်တယ်လို့ သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up