နိုင်ငံရေးပါတီပေါင်း ၁၄ ပါတီကို ကော်မရှင်ပယ်ဖျက်
ပိုင်စိုး
·
March 26, 2018
၂၀၁၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နိုင်ငံရေးပါတီပေါင်း ၁၄ ပါတီကို ပယ်ဖျက်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စာရင်းတွေအရ သိရပါတယ်။
ပါတီစုံရွေးကောက်ပွဲ စတင်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ အနည်းဆုံးမဲဆန္ဒနယ် ၃ ခုမှာ ဝင်ရောက် မယှဉ်ပြိုင်လို့ ပြည်ထောင်စုကရင်အမျိုးသားများ အဖွဲ့ချုပ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မြိုတိုင်းရင်းသားပါတီနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ပြည်) တို့ကို ပယ်ဖျက်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ဒီမိုကရက်တစ် မဟာမိတ်ပါတီနဲ့ ၈၈ ပြည်သူ့အင်အားစု ပါတီတို့ကို အနည်းဆုံးမဲဆန္ဒနယ် ၃ ခုမှာ ဝင်ရောက် မယှဉ်ပြိုင်လို့ ပယ်ဖျက်လိုက်ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တို့ ပူးပေါင်းလိုက်တာကြောင့် အဲဒီပါတီတွေကို ဖျက်သိမ်းခဲ့ပါတယ်။
ကယားလူမျိုးစု ဒီမိုကရေစီပါတီနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ၂ ခုလည်း ပူးပေါင်းပြီး ပါတီသစ်ထောင်တာကြောင့် ၂၀၁၇ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင် ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီတွေ ဟာလည်း ပူးပေါင်းပြီး ပါတီသစ်ထောင်ကြတာကြောင့် ဖျက်သိမ်းခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၅ ပါတီရှိနေပါတယ်။