အိန္ဒိယ-မြန်မာနယ်စပ်တလျောက် မြေပြင်အချက်အလက်ကောက်ယူရေး ၂ နိုင်ငံ ဆောက်ရွက်
DVB
·
March 26, 2018
အိန္ဒိယ-မြန်မာနယ်စပ်တလျောက် မြေပြင်အချက်အလက်များ ကောက်ယူရေးအတွက် မြေတိုင်းဦးစီးဌာနက နှစ်နိုင်ငံ ပူးပေါင်းတိုင်းတာရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါ တယ်။
အခုလို တိုင်းတာရာမှာ ကဘော်ချိုင့်ဝှမ်းဒေသဖြစ်တဲ့ တမူးခရိုင်တစ်ခုလုံးကို မြေပြင် တိုင်းတာရေးနဲ့ အချက်အလက်ကောက်ယူပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ညှိနှိုင်းအစည်းအဝေးကို ပြန်လည်တင်ပြသွားမယ်လို့ သိရပါတယ်။
အဲဒီ ပူးတွဲနယ်နိမိတ်တိုင်းတာရေးလုပ်ငန်းတွေမှာ သဘာဝကြောင့် ပျက်စီးနေတဲ့ နယ်နိမိတ် ကျောက်တိုင်တွေကိုပါ စာရင်းကောက်ယူသွားမှာဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး အတွက် အိန္ဒိယနိုင်ငံက တာဝန်ယူသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်တလျောက် တဖက်တချက် ၁၀ မီတာအတွင်းမှာရှိနေတဲ့ အဆောက်အဦတွေ၊ စိုက်ပျိုးမြေတွေနဲ့ လမ်းတွေကိုလည်း စာရင်းပြုစုကောက်ယူ သွားမယ်လို့ဆိုပါတယ်။ အဲဒီတိုင်းတာတဲ့ လုပ်ငန်းတွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာတိုင်း ဒေသကြီး ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်းကူညီသွားမှာ ဖြစ်ပါတယ်။
အခုလို နယ်မြေကွင်းဆင်းတိုင်းတာမှုကိုအချိန် ၃ လခွဲ တွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာကိုအဆင့်ဆင့် ပြန်လည်တင်ပြသွားမယ်လို့ ကွင်းဆင်းအဖွဲ့တာဝန်ခံ ဦးဟိန်းမင်းဇာက ပြောပါတယ်။
ကဘော်ချိုင့်ဝှမ်းအတွင်းက သဘောတူ လက်မှတ်ရေးထိုးထားတာ မရှိသေးတဲ့ နယ်ခြားမှတ်တိုင် ၉ တိုင်အတွက်လည်း ထည့်သွင်းတိုင်းတာသွားမယ်လို့ သိရပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်စည်းရိုးတလျှောက်မှာ နယ်ခြားမှတ်တိုင် ၂၃၈ တိုင်ကို နှစ်နိုင်ငံ သဘောတူ စိုက်ထူထားပြီး ဖြစ်ပါတယ်။
သတင်း - ဂေါင်ဂေါင်